PSM (News)

ဩဂုတ် ၂၁ ၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း တရားစခန်းပြုလုပ်နေသည့် ဘုန်းတော်ကြီးကျောင်းပေါ်သို့ အာဏာလု စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၁၄ ဦးထက်မနည်း သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အာဏာလု စစ်အုပ်စုသည် ယနေ့ ဩဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာ ဘုန်းတော်ကြီးကျောင်းပေါ်သို့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ဆွဲလဲအိုကျေးရွာ ဘုန်းကြီးကျောင်း တရားစခန်း ပြန်စတော့မယ့်အချိန် တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာ တစ် စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတာပါ။ အထိအခိုက်များတယ်။ သေဆုံးသူ ၁၄ ဦးရှိပြီ။ ဒဏ်ရာရတဲ့သူက ၂၀ ဦးလောက်ရှိတယ်” ဟု ဒေသခံတစ်ဦးက PSM ကို ပြောသည်။

ဆွဲလဲအိုကျေးရွာနှင့် ရွာပတ်ဝန်းကျင်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်း၊ အာဏာလု စစ်တပ်၏ စစ်ကြောင်းထိုး လှုပ်ရှားခြင်းများမရှိဘဲ အရပ်သားများကို ဦးတည်ကာ တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်ကြောင်းထိုးတာလည်း မရှိပါဘူး။ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ သက်သက်ကြီး လာကြဲတာပါ။ ဘုန်းကြီးကျောင်းထဲက ဆောင်တန်းကြီးလည်း ပျက်စီးသွားပါတယ်” ဟု ဒေသခံက ဆိုသည်။

လက်ရှိအချိန်အထိ လေကြောင်းတိုက်ခိုက်မှုကြောင့် တရားစခန်းဝင်ရောက်နေသူများအနက် အသက် ကြီးပိုင်း အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာအပြင်းအထန် ရရှိသူများလည်း များပြားကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်ကလည်း မြောင်-ပရိမ္မ ကားလမ်းဘေးရှိ လှေတင်ဦးကျေးရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့သဖြင့် မြောင် ပညာရေးကွန်ရက် (MEN) မှ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ တစ် ဦး အပါအဝင် နှစ် ဦး သေဆုံးပြီး ဒေသခံ ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Myaung Gz Airscout က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ပေးပို့

ပုံစာ – ဆွဲလဲအိုရွာ ဘုန်းကြီးကျောင်းအတွင်း လေကြောင်းမှ ဗုံးကြဲခံရအပြီး ပျက်စီးဆုံးရှုံးမှု မြင်ကွင်း

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *