PSM(News) ဧပြီ ၂၁၊ ၂၀၂၆ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ခေါင်းဆောင်များနှင့် ချင်းပြည်သူ့အစည်း အရုံး/ချင်းပြည်သူ့တပ်မတော် (CPO/CPA) ခေါင်းဆောင်များ တွေ့ဆုံကာ နွေဦးတော်လှန်ရေး တိုးတက်မှုအခြေအနေများနှင့် ရှေ့ဆက်ပူးတွဲလုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ဖိတ်ကြားမှုဖြင့် ချင်းပြည်သူ့အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အာရက္ခဒေသသို့ သွားရောက် ခဲ့ခြင်း ဖြစ်သည်။ အဆိုပါခရီးစဉ်အတွင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ချင်းပြည်သူ့တပ်မတော်မှ တာဝန်ရှိသူများ တွေ့ဆုံနေသည့် မှတ်တမ်းဓာတ်ပုံများကိုလည်း ယမန်နေ့ ဧပြီ ၂၀ ရက်နေ့တွင် CPO/CPA က ထုတ်ပြန်ခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုအတွင်း အာဏာလုစစ်အုပ်စု ကို အမြစ်ပြတ်တိုက်ထုတ်နေသည့် လက်ရှိ နွေဦးတော်လှန် ရေး၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ချင်းပြည်သူလူထုနှင့် အာရက္ခပြည်သူများအကြား အိမ်နီးချင်းကောင်းပီသစွာ ရေရှည် အပြန်အလှန် အကျိုးပြုရေးနှင့် ရှေ့ဆက်ပူးတွဲလုပ်ဆောင်မည့် စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်များ ကိုလည်း ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။ ရက်သတ္တပတ် နှစ်ပတ်ခန့် ကြာမြင့်ခဲ့သည့် ယင်းခရီးစဉ်အတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ချင်းတော်လှန် ရေးခေါင်းဆောင်များကို နွေးထွေးစွာ ကြိုဆိုဧည့်ခံခဲ့ပြီး အာရက္ခဒေသတွင်းရှိ အထင်ကရနေရာများကို လိုက်လံပြသခဲ့ကြောင်း သိရသည်။ ချင်းပြည်သူ့အစည်းအရုံးအနေဖြင့် ယခုခရီးစဉ်သည် လေ့လာသင်ယူစရာများနှင့် အလွန်တရာ အကျိုးရှိသော ခရီးစဉ်ဖြစ်ခဲ့ကြောင်းနှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အား လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဓာတ်ပုံ-CPO/CPA Post navigation အိန္ဒိယ-မြန်မာနယ်စပ်နှင့် ကနီမြို့အနီးတွင် ငလျင်များ ဆက်တိုက်လှုပ်ခတ် ၊ သတိပြုနေထိုင်ကြရန် NUG အသိပေး အင်းတော်ကို ပြန်လည်ထိန်းချုပ်ရန် အာဏာလုစစ်အုပ်စု ကြံစည်နေ၍ တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်ကြောင်း ပကဖ သတိပေး