PSM(News)

ဧပြီ ၂၁၊ ၂၀၂၆

အိန္ဒိယ-မြန်မာနယ်စပ်နှင့် စစ်ကိုင်းတိုင်းအတွင်း ယနေ့ ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် အင်အား အသင့်အတင့်ရှိသော မြေငလျင်များ နှစ်ကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့သဖြင့် ပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကို သတိပြုနေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့အနီးတွင် ယနေ့ နံနက် ၆ နာရီ ၃၈ မိနစ်ခန့်က မြေအောက်အနက် ၁၀၄ ကီလိုမီတာခန့်ကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ပထမအကြိမ် လှုပ်ခတ်ခဲ့သည်။

ထို့နောက် ယင်းနောက် မိနစ် ၂၀ ခန့်အကြာ နံနက် ၆ နာရီ ၅၉ မိနစ်တွင် အိန္ဒိယ-မြန်မာနယ်စပ်၊ မြေအောက်အနက် ၈၄ ကီလိုမီတာခန့်ကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၅.၂ အဆင့်ရှိ အင်အားအတော် အသင့်ရှိသော မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့သည်။

ထို့ပြင် ယမန်နေ့ ဧပြီ ၂၀ ရက် နံနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ကနီမြို့အနီးတွင် ရစ်ခ်တာစကေး ၄.၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သေးသဖြင့် စစ်ကိုင်းတိုင်းနှင့် နယ်စပ်ဒေသများတွင် ငလျင် အန္တရာယ်ကို ပိုမိုဂရုပြုရန် လိုအပ်လျက်ရှိသည်။

လက်ရှိတွင် ဂျပန်နိုင်ငံ၌ အင်အားပြင်းငလျင်နှင့် ဆူနာမီသတိပေးချက်များ ထွက်ပေါ်နေချိန်တွင် မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသများ၌ပါ ငလျင်များ လှုပ်ခတ်လာခြင်းဖြစ်၍ NUG ဝန်ကြီးဌာနအနေဖြင့် ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန် ပြည်သူများအနေဖြင့် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်အချက်များနှင့်အညီ နေထိုင်ကြပါရန် တိုက်တွန်းထားသည်။

မြေပုံ-NUG

By Htet Ko