PSM (News) ဩဂုတ် ၂၀၊၂၀၂၆ ထိုင်ဝမ်နိုင်ငံ၊ ကာအိုစီယောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ထိုင်းအမျိုးသမီးတစ်ဦးသည် ဘိန်းဖြူမူးယစ်ဆေးဝါးများ ဖြည့်သွင်းထားသည့် ဆေးတောင့် (၇၂) လုံးကို ဝမ်းဗိုက်အတွင်း မျိုချသယ်ဆောင်လာစဉ် ဖမ်းဆီးခံခဲ့ရကြောင်းRadio Taiwan International – RTI သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါအမျိုးသမီးအားMs. A ဟု ဖော်ပြထားပြီး နိုင်ငံခြားသားတစ်ဦးမှ မူးယစ်ဆေးဝါးများကို ခရီးဆောင်အိတ်အတွင်း၌သော်လည်းကောင်း၊ ခန္ဓာကိုယ်အတွင်း၌သော်လည်းကောင်း ဝှက်ယူလာမည်ဟူသော သတင်းအချက်အလက် ရရှိခဲ့မှုအပေါ် အာဏာပိုင်များက ဧပြီလ (၆) ရက်နေ့တွင် အဆိုပါလေဆိပ်၌ စစ်ဆေးဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်အရ ဖမ်းဆီးရမိသော ဘိန်းဖြူအတောင့်များသည် စုစုပေါင်းအလေးချိန် (၂၈၉.၁) ဂရမ်ရှိပြီး ခန့်မှန်းတန်ဖိုးအားဖြင့် ထိုင်ဝမ်ဒေါ်လာ (၃.၆) သန်းခန့် ရှိကြောင်း သိရသည်။ ဆေးတောင့်များကို ပလတ်စတစ်ဖြင့် စနစ်တကျ ထုပ်ပိုးထားသော်လည်း အစာအိမ်အတွင်းရှိ အက်စစ်ဓာတ်ကြောင့် အပြင်ဘက်အကာ ပျက်စီးပါက အသက်အန္တရာယ် ကြီးမားစွာ ထိခိုက်နိုင်သည့် အခြေအနေတွင် ရှိနေသည်။ ထို့နောက် အာဏာပိုင်များသည် ၎င်းအား ဆေးရုံသို့ ပို့ဆောင်ကာ သဘာဝအတိုင်း စွန့်ထုတ်နိုင်ရန်အတွက် ဆေးဝါးကုသမှုများ ပြုလုပ်ပေးခဲ့ရာ ဆေးတောင့်အားလုံး အပြည့်အစုံ ရရှိရန်အတွက် (၁၀) ရက်ခန့် ကြာမြင့်ခဲ့သည်။ မွေ့ထိုင်း (Muay Thai) အားကစားနည်းပြတစ်ဦးဖြစ်သည့် အဆိုပါအမျိုးသမီး၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုအခြေအနေကြောင့် ဆေးကုသမှုခံယူနေစဉ်အတွင်း (၂၄) နာရီပတ်လုံး လုံခြုံရေးတင်းကျပ်စွာဖြင့် စောင့်ကြပ်ခဲ့ရကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါအမျိုးသမီးအား ထိုင်ဝမ်နိုင်ငံ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေများနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရန် ကာအိုစီယောင်းပြည်သူ့ရှေ့နေရုံးက တရားရုံးသို့ တင်သွင်းထားပြီး တရားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ ကိုးကား-Khaosod Post navigation ဆိုက်ဘာရာဇဝတ်မှုများကို တိုက်ဖျက်ရန် သြစတြေးလျနှင့်ထိုင်းအာဏာပိုင်များ ပူးပေါင်းဆောင်ရွက်မည် ထိုင်းကျောင်းများတွင် လုံခြုံရေးနှင့် သေနတ်ပစ်ခတ်မှု တုံ့ပြန်ရေး လေ့ကျင့်ခန်းများ ပြုလုပ်