PSM (News) ဩဂုတ် ၁၉၊ ၂၀၂၆ သြစတြေးလျနှင့် ထိုင်းနိုင်ငံတို့အနေဖြင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ပူးပေါင်းတိုက်ဖျက်ရန်အတွက် နှစ်နိုင်ငံ ဝန်ကြီးချုပ်များက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။ ဩစတြေးလျဝန်ကြီးချုပ် အန်ထိုနီ အယ်လ်ဘန်နီစီနှင့် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူတို့သည် ကင်ဘာရာမြို့တွင် ယနေ့ (ဩဂုတ်လ ၁၉ ရက်) တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို ပြန်လည်အတည်ပြုကာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ပူးပေါင်းတိုက်ဖျက်သွားရန် သဘောတူညီခဲ့ကြသည်။ နည်းပညာကိုအခြေခံသည့် ဆိုက်ဘာရာဇဝတ်မှုများကို တိုက်ဖျက်ခြင်းသည် ငြိမ်းချမ်းပြီး တည်ငြိမ်၍ ဖွံ့ဖြိုးတိုးတက်သော အင်ဒို-ပိစိဖိတ်ဒေသ ဖြစ်ပေါ်လာစေရေးအတွက် အဓိကသော့ချက်ဖြစ်ကြောင်း ခေါင်းဆောင်နှစ်ဦးက တိုက်တွန်းပြောကြားခဲ့သည်။ အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် နည်းပညာအသစ်များကို အသုံးချကာ ငွေကြေးခဝါချမှု၊ လူကုန်ကူးမှုများ တိုးပွားလာနေခြင်းအပေါ် ခေါင်းဆောင်များက အထူးစိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ရာဇဝတ်မှုကွန်ရက်များကို ဖြိုခွဲရန်အတွက် တရားဥပဒေစိုးမိုးရေး၊ အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ငွေကြေးဆိုင်ရာ ထောက်လှမ်းရေးအေဂျင်စီများအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေရန် သဘောတူညီခဲ့ကြသည်။ ထိုင်းအာဏာပိုင်များနှင့် ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့တို့အကြား ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ကြသည်။ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးဆိုင်ရာ ရဲတပ်ဖွဲ့လက်အောက်ရှိ ဆိုက်ဘာလိမ်လည်မှုတိုက်ဖျက်ရေးဌာန(ACSC) ကို ဩစတြေးလျနိုင်ငံမှ ပံ့ပိုးကူညီမှုကို ကြိုဆိုကြောင်းနှင့် ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့၏ Operation Firestorm စီမံချက်ဖြင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် အရှေ့တောင်အာရှတစ်ဝန်းရှိ ငွေလိမ်ဂိုဏ်းစခန်းများကို သိသာထင်ရှားစွာ ဖမ်းဆီးနှိမ်နင်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ ထို့အပြင် လာမည့် ၂၀၂၇ ခုနှစ်တွင် ကျရောက်မည့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စိန်ရတုအထိမ်းအမှတ်ကို မျှော်လင့်စောင့်စားနေကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး ကမ္ဘာ့စီးပွားရေးနှင့် ပထဝီနိုင်ငံရေး အခြေအနေများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစွာ လုပ်ဆောင်ရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်။ ကိုးကား – Cyber Daily Post navigation ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ ဒင်ဒိန်းခရိုင်ရှိ သစ်သားအိမ်ရာ လူနေရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၄ လုံးမှ ၅ လုံးခန့် ပျက်စီး ထိုင်ဝမ်လေဆိပ်၌ ဘိန်းဖြူ (၇၂) တောင့် ဝမ်းဗိုက်အတွင်း မျိုချသယ်ဆောင်လာသည့် ထိုင်းအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ