PSM (News)

ဩဂုတ် ၂၀ ၊ ၂၀၂၆

ပြီးခဲ့သည့် ဇူလိုင်လတစ်လတာအတွင်း တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုများကြောင့် အာဏာလု စစ်အုပ်စုဘက်မှ တပ်ဖွဲ့ဝင် ၃၁၅ ဦး သေဆုံးခဲ့ပြီး စစ်စခန်း ၁၀ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ယနေ့ ဩဂုတ် ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ပါ အချက်အလက်များအရ ဇူလိုင်လအတွင်း အာဏာလု စစ်တပ်စခန်းများကို တိုက်ခိုက်မှုပေါင်း ၁၆ ကြိမ် ပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ပွဲများအတွင်း စခန်း ၁၀ ခု သိမ်းပိုက်ရရှိခဲ့ကာ စစ်အုပ်စုဘက်မှ ၃၁၅ ဦး သေဆုံး၊ ၄၇၃ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် အရာရှိအဆင့် သေဆုံး/ဒဏ်ရာရ/ဖမ်းဆီးရမိသူ စုစုပေါင်း ၂၉ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် အာဏာလု စစ်အုပ်စု၏ တပ်စခန်းများကို ထိုးစစ်ဆင် တိုက် ခိုက်မှုများ ပိုမိုမြှင့်တင် ဆောင်ရွက်လျက်ရှိပြီး အရာရှိအဆင့်ရှိသူများ အပါအဝင် ထိခိုက်သေဆုံး မှုနှင့် စခန်းလက်လွှတ်ရမှုများ ဆက်တိုက် ဖြစ်ပေါ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခြားတစ်ဖက်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် မဟာမိတ် တော်လှန် ရေးတပ်ဖွဲ့များသည် အာဏာလု စစ်အုပ်စု၏ မတရား စစ်မှုထမ်းဥပဒေဖြင့် အဓမ္မ ဖမ်းဆီး စုဆောင်း ခံရသူများအနေဖြင့် အသက်မဆုံးရှုံးစေရန်အတွက် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင် ရောက်ကြရန် အမြဲမပြတ် သတိပေး နှိုးဆော်လျက်ရှိသည်။

အလင်းဝင်ရောက်လာသူများကို အသက်အာမခံချက်ပေး၍ နွေးထွေးစွာ ကြိုဆိုစောင့်ရှောက်ပေးမည့် အပြင် လက်နက်ခဲယမ်း ပါရှိလာပါက အမျိုးအစားအလိုက် ကျပ်သိန်း ၅၀ မှ သိန်း ၁၀၀ ကျော်အထိ ထိုက်ထိုက်တန်တန် ဆုကြေးငွေများ ချီးမြှင့်ပေးလျက်ရှိသည်။

သို့သော် အလင်းဝင်ရောက်ခြင်း မရှိဘဲ အာဏာလုစစ်တပ်ဘက်မှ ဆက်လက် တိုက်ခိုက်ပါက ပြတ်ပြတ်သားသား ချေမှုန်းသွားမည်ဖြစ်ကြောင်း NUG က သတိပေးထားသည်။

ဓာတ်ပုံ – NUG-Ministry of Defence

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *