PSM (News) ဩဂုတ် ၂၀ ၊ ၂၀၂၆ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် လေဝဲစနစ် (Invest 95W) ကြောင့် အနောက်တောင် မုတ်သုံလေ အားကောင်းလာပြီး မြန်မာနိုင်ငံအတွင်းသို့ စိုစွတ်သည့် မိုးတိမ်များ စိမ့်ဝင် လာနေသဖြင့် မြန်မာနိုင်ငံတောင်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသခန့်မှန်းချက် မော်ဒယ်များနှင့် PSM ၏ မိုးလေဝသ စောင့်ကြည့်လေ့လာမှုများအရ သိရသည်။ ယနေ့ ဩဂုတ် ၂၀ ရက်နေ့တွင် ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ တနင်္သာရီ၊ ကရင်၊ နေပြည်တော်၊ ကရင်နီ (ကယား) နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့၌ နေရာအနှံ့အပြား မိုးကြီးနိုင်ပြီး ချင်း၊ စစ်ကိုင်း၊ ကချင်၊ မကွေး၊ မန္တလေး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင်မူ မိုးအသင့်အတင့်မှ နေရာကွက် မိုးသည်းထန်နိုင်သည်။ ထို့အပြင် မွန်နှင့် တနင်္သာရီ ကမ်းရိုးတန်းဝန်းကျင်၊ ကျိုက်ဒုံ၊ လှိုင်းဘွဲ့၊ ကမမောင်း၊ ပဲခူးရိုးမ တောင်တန်းတစ်လျှောက်၊ မော်ချီး၊ ဘောလခဲ၊ ဘောဂလိ၊ တောင်ငူ၊ လက်ပံတန်း၊ သာယာဝတီ၊ တောင်ကုတ်၊ သံတွဲ၊ ငပလီနှင့် ကျိန္တလီ မြို့ရွာများတွင် မိုးသိသိသာသာ ပိုမိုများပြားနိုင်သည်ဟု မိုးဇလ၏ ထုတ်ပြန်ချက်များအရ သိရသည်။ မြို့နယ်အလိုက် အခြေအနေများအဖြစ် ချောက်၊ ညောင်ဦးနှင့် သာစည်မြို့နယ်တို့တွင် လာမည့် ၄၈ နာရီ အတွင်း မိုးအနည်းငယ်သာ ရွာနိုင်ပြီး နောက်ပိုင်းရက်များတွင် မိုးနည်းသွားမည်ဖြစ်ကာ ညောင်တုန်း မြို့နယ်၌မူ လာမည့် ဩဂုတ် ၂၃ ရက်အထိ မိုးအသင့်အတင့်မှ မိုးများနိုင်ကြောင်း သိရသည်။ မြစ်ရေအခြေအနေများအရ ဟင်္သာတ၊ ဇလွန်၊ ငသိုင်းချောင်းနှင့် မအူပင် (တိုးမြစ်) တို့တွင် မြစ်ရေမှာ စိုးရိမ်ရေအမှတ်အထက် ဆက်လက် ရှိနေမည်ဖြစ်ပြီး သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ဘားအံမြို့တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာနိုင်သလို စစ်တောင်းမြစ်ရေသည်လည်း မဒေါက်မြို့တွင် စိုးရိမ်ရေအမှတ်အထက်၌ ဆက်လက် ရောက်ရှိနေမည်ဖြစ်သည်။ ထို့ပြင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ မုတ်သုံ လေပြင်း တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေအထိ ရှိနိုင်သဖြင့် ကမ်းနီး/ကမ်းဝေး ရေလုပ် သားများနှင့် သင်္ဘောများ ပင်လယ်ပြင်အတွင်း ထွက်ခွာခြင်း မပြုကြရန် မိုးလေဝသပညာရပ်ကို လေ့လာနေသူများက တိုက်တွန်းထားသည်။ Post navigation ရှမ်းနီတပ် SNA မှ အလင်းဝင်လာသူ ၃ ဦးအား ကျပ်သိန်း ၁၅၀ ဆုကြေးငွေ ပေးအပ် ဆောမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ထံမှ လက်နက်များ ထပ်မံသိမ်းဆည်းရမိ၊ ပေါ်တာဆွဲခံရသူများ ပြည်သူ့ဘက်သို့ အလင်းဝင်ရန် PDF သတိပေး