PSM (News)

ဩဂုတ် ၂၀၊၂၀၂‌၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ယခုနှစ်အတွင်း ထပ်မံတွေ့ဆုံသွားရန် မျှော်လင့်ထားကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ ယင်းကဲ့သို့ ပြောဆိုမှုသည် တရုတ်နိုင်ငံ ရှန်ကျန်းမြို့တွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေး ကာလအတွင်း အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို စီစဉ်ရန် မျှော်လင့်နေကြောင်း Wall Street Journal ၏ ဖော်ပြချက်နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အိမ်ဖြူတော်တွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဖြေကြားရာတွင် သမ္မတထရမ့်က ကင်ဂျုံအွန်နှင့် ယခုနှစ်အတွင်း တွေ့ဆုံရန် ရှိ၊ မရှိကို “တွေ့ဖြစ်မယ်” ဟု အတည်ပြု ပြောကြားခဲ့သည်။

သို့သော် အိမ်ဖြူတော်ဘက်မှဖြစ်စေ၊ ပြုံယမ်းဘက်မှဖြစ်စေ ယခုတွေ့ဆုံမှုအတွက် တရားဝင် အစီအစဉ်များကို အတည်ပြုထုတ်ပြန်ထားခြင်း မရှိသေးပေ။

သမ္မတထရမ့်သည် APEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အစီအစဉ်ရှိပြီး မြောက်ကိုရီးယားအစိုးရနှင့် အဆက်အသွယ်ပြုလုပ်ရန် ၎င်း၏ လက်ထောက်များကို ညွှန်ကြားထားကြောင်း သတင်းတွင် ဖော်ပြထားသည်။ နိုင်ငံ၏ နူကလီးယားလက်နက် အစီအစဉ်ကို စွန့်လွှတ်စေရန် ရည်ရွယ်သည့် ဆွေးနွေးပွဲများကို ပြန်လည်စတင်ရန် သမ္မတက မျှော်လင့်နေသည်။

သမ္မတထရမ့်၏ ပထမသက်တမ်းအတွင်း ခေါင်းဆောင်နှစ်ဦးသည် နူကလီးယားကင်းစင်ရေးအတွက် သုံးကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း သိသာထင်ရှားသော ရလဒ်များ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။ ယင်းနောက်ပိုင်းတွင် မြောက်ကိုရီးယားသည် ၎င်း၏ နူကလီးယားလက်နက် အစီအစဉ်ကို တိုးချဲ့ခဲ့ပြီး လက်ရှိတွင် နူကလီးယားထိပ်ဖူး ဒါဇင်နှင့်ချီ ပိုင်ဆိုင်ထားသည်ဟု လေ့လာသူများက ယုံကြည်ကြသည်။

မြောက်ကိုရီးယားအနေဖြင့် နူကလီးယားအစီအစဉ်ကို စွန့်လွှတ်လိုသည့် ဆန္ဒရှိကြောင်း ပြသခြင်းမရှိဘဲ နိုင်ငံတကာအသိုက်အဝန်းနှင့် အမေရိကန်နိုင်ငံတို့အနေဖြင့် မိမိတို့အား နူကလီးယားနိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုရန် တောင်းဆိုထားကာ နူကလီးယားကင်းစင်ရေးကို အခြေခံသည့် မည်သည့်ဆွေးနွေးပွဲကိုမဆို လုပ်ဆောင်ရန် ငြင်းဆိုထားသည်။

မြောက်ကိုရီးယားအာဏာရှင်ကို ကောင်းစွာသိရှိထားပြီး နိုင်ငံနှင့်ပတ်သက်သည့် ကိစ္စရပ်များ အားလုံး အဆင်ပြေချောမွေ့မည်ဟု မျှော်လင့်ကြောင်း သမ္မတထရမ့်က ဗုဒ္ဓဟူးနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ကိုးကား-CBS News

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *