PSM(News) ဧပြီ ၂၀ ၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့ရှိ ပြည်သူ့စစ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄)၊ အထူးတပ်ဖွဲ့ KNLA Special Forces က ထုတ်ပြန်ထားသည်။ အာဏာလုစစ်အစိုးရ၏ လက်အောက်ခံ တပ်ရင်းများနှင့် ပြည်သူ့စစ်စခန်းများကို တော်လှန်ရေး ပူးပေါင်းတပ်များက ဧပြီလအတွင်း ဆက်တိုက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဧပြီလ ၇ ရက် နံနက် ၅ နာရီတွင် ပလောက်မြို့နယ်ရှိ ခလရ-၂၈၀ တပ်ရင်း၊ ပြည်သူ့စစ်စခန်းနှင့် အမတ-၃၀၉ တပ်ရင်းများကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပလောက်မြို့နယ် ပြည်သူ့စစ်စခန်းကို တိုက်ခိုက်နေစဉ် မိနစ် ၃၀ ခန့်အကြာတွင် ပြည်သူ့စစ်များ စခန်း စွန့်ခွာထွက်ပြေးသွားသဖြင့် စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအတွင်းရှိ အဆောက်အအုံများကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ဧပြီလ ၁၀ ရက်နေ့ကလည်း အာဏာလုစစ်အစိုးရ၏ စစ်တပ်များက မာန်ဂုံမာရွာသို့ စစ်ကြောင်း ထိုး လာသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲများကို KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့၊ KNDO တပ်ရင်း (၇)၊ တပ်ခွဲ-၁ နှင့် တပ်ခွဲ-၅ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအားလုံးတွင် အာဏာလုစစ်အစိုးရတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးကာ ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ KNLA Special Forces အနေဖြင့် တော်လှန်ရေးအောင်မြင်သည်အထိ စစ်အုပ်စု၏တပ်များကို အခွင့်အရေးရလျှင်ရသလို တိုက်ခိုက်သွားမည်ဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စစ်အုပ်စု တပ်ဖွဲ့ဝင်များ တပ်စွဲရာနေရာနှင့် အနီးတစ်ဝိုက်တွင် နေထိုင်ခြင်းမပြုကြရန် အလေးအနက် သတိပေးထားသည်။ Post navigation မိုးညှင်းအခြေစိုက် စစ်သား ၃ ဦး အလင်းဝင်၊ စစ်တပ်က စစ်သားစုဆောင်းရန် ပြည်သူကို ပေါ်တာဆွဲပြီး သိန်း ၇၀ ဖြင့် ပြန်လည်ရောင်းစား မကွေးရှိ အာဏာလုစစ်အုပ်စု၏ ဗုံးသီးထုတ်လုပ်ရာ ကပစ-၂၁ ကို ရှော့တိုက်ဒုံး အလုံး ၄၀ ကျော်ဖြင့် မကွေးတိုင်း ပကဖ တိုက်ခိုက်