မောင်မောင်ကဲ/PSM(News)

ဧပြီ ၂၀ ၊ ၂၀၂၆

ကချင်ပြည်နယ်၊ မိုးညှင်းမြို့အခြေစိုက် ဒရုန်းတပ်ဖွဲ့ (ဒတရ-၆၀၃) တပ်ရင်းမှ စစ်သား သုံး ဦးသည် ပြည်သူ့ဘက်သို့ ကူးပြောင်းကာ One More စစ်ကြောင်းထံ အလင်းဝင်ခိုလှုံခဲ့ပြီး စစ်အုပ်စုအတွင်း ပြည်သူများကို ပေါ်တာဆွဲကာ ငွေကြေးဖြင့် ပြန်လည်ရောင်းစားနေသည့် ဖြစ်စဉ် များကို ထွက်ဆိုခဲ့သည်။

အလင်းဝင်လာသူများအနက် တပ်သား နှစ်ဦးမှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ရန်ကုန်မြို့၌ အလုပ်လုပ်ကိုင်နေစဉ် ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပြီး စစ်အုပ်စုအတွင်းရှိ အကျိုးဆောင်များက တစ်ဦးလျှင် ငွေကျပ် သိန်း ၇၀ ဖြင့် တပ်ရင်းသို့ ပြန်လည်ရောင်းချကာ စစ်သားအဖြစ် အတင်းအဓမ္မ သွတ်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကို ပစ္စည်းပျောက်လို့ လိုက်ခဲ့ပါဆိုပြီး လိမ်ခေါ်သွားတာ။ အိမ်ပျက်ကြီးထဲမှာ ပိတ်ထားပြီး နောက်ရက်ကျတော့ သိန်း ၇၀ နဲ့ ပြန်ဝယ်ပြီး တပ်ထဲထည့်လိုက်တာပါ။ ကိုယ့်ပြည်သူကို ကိုယ်ပြန်ပြီး လူကုန်ကူးတာပဲဗျ။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ ဆုံးရှုံးသွားတဲ့ ပြည်သူ့အခွင့်အရေးကို ပြန်တိုက်ယူသွားမှာပါ” ဟု အလင်းဝင်လာသည့် တပ်သားတစ်ဦးက ဆိုသည်။

ကျန်တပ်သားတစ်ဦးမှာမူ တပ်တွင်း၌ ၆ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကြီးနိုင်ငယ်ညှင်း ဖိနှိပ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာခြင်း ဖြစ်သည်။

အရပ်သားအစိုးရထံမမှ အဓမ္မအာဏာလုယူထားသော စစ်အုပ်စုသည် ၎င်းတို့၏ စစ်အင်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ယခုကဲ့သို့ လူကုန်ကူးမှုဆန်သော နည်းလမ်းများဖြင့် စစ်သား စုဆောင်းမှုများကို လုပ်ဆောင်လျက်ရှိသည်။

လက်ရှိတွင် အဆိုပါ အလင်းဝင်လာသူ သုံး ဦးအား One More စစ်ကြောင်းမှ ကောင်းမွန်စွာ စောင့်ရှောက် ထားကြောင်း သိရသည်။

ဓာတ်ပုံ-One More စစ်ကြောင်း

ပုံစာ- မိုးညှင်းမြို့အခြေစိုက် ဒရုန်းတပ်ဖွဲ့ (ဒတရ-၆၀၃) တပ်ရင်းမှ အလင်းဝင်ရောက်လာသည့် စစ်သား သုံး ဦးကို တွေ့ရစဉ်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *