PSM (News) ဧပြီ ၂၀၊ ၂၀၂၆ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ စစ်အုပ်စုထံ အညံ့ခံပူးပေါင်းသွားသော သစ္စာဖောက် ရဲမေဟောင်း မနှင်းနှင်းဦး (ခ) ရိုးမ နှင့်အတူ ဒလန်အဖြစ် ပူးပေါင်းဆောင်ရွက်နေသူ အားလုံးကို အပြီးသတ် စိစစ်ဖော်ထုတ်ပြီးစီးပြီဖြစ်ကြောင်း မိုးကုတ် ပကဖ က ယမန်နေ့ ဧပြီ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ အဆိုပါ ရဲမေဟောင်းသည် စစ်အုပ်စုနှင့် ပူးပေါင်းကာ တော်လှန်ရေးရဲဘော်များအား စည်းရုံးသိမ်း သွင်းခြင်းနှင့် မိသားစုဝင်များကို ဓားစာခံလုပ်၍ အကျပ်ကိုင်ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေသူ ဖြစ်သည်။ မိုးကုတ် ပကဖ အနေဖြင့် ရဲမေဟောင်း မနှင်းနှင်းဦး (ခ) ရိုးမ နှင့် ပတ်သက်ဆက်နွယ်နေသည့် ဒလန်များ၏ အချက်အလက်များကို တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူများ သတိထားနိုင်စေရန် မကြာမီ ချပြသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် တပ်မှ အခွင့်မရှိဘဲ ထွက်ပြေးသွားကြသော ရဲဘော်၊ ရဲမေဟောင်းများအနေဖြင့်လည်း တော်လှန် ရေးအား အနှောင့်အယှက်ဖြစ်စေမည့် လုပ်ဆောင်မှုမျိုး မလုပ်ရန် မိုးကုတ် ပကဖ က ထပ်မံ သတိပေးထားသည်။ “မိမိတို့ ရောက်ရှိရာနေရာမှာ ကောင်းမွန်စွာ နေထိုင်ကြဖို့နဲ့ တော်လှန်ရေးကို သွေဖယ်ပြီး အနှောင့်အယှက်ဖြစ်စေမယ့် ကိစ္စရပ်တွေကို လုံးဝမပြုလုပ်ကြဖို့ အသိပေးပါတယ်။ မဟုတ်ရင်တော့ အဖွဲ့အစည်းရဲ့ မူဝါဒတွေနဲ့အညီ ထိရောက်ပြင်းထန်တဲ့ အပြစ်ပေး အရေးယူမှုတွေကို ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး” ဟု မိုးကုတ် ပကဖ ကဆိုသည်။ စစ်အုပ်စုသည် ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်နေသူများကို အသုံးချ၍ တော်လှန်ရေးအဖွဲ့အစည်းများ အတွင်း လုံခြုံရေးပေါက်ကြားမှုဖြစ်စေရန်နှင့် စိတ်ဓာတ်ပျက်ပြားစေရန် စနစ်တကျ လုပ်ဆောင်လာ သည်။ ထို့ကြောင့် မိုးကုတ် ပကဖ အနေဖြင့် ယခုကဲ့သို့ တော်လှန်ရေးကို သစ္စာဖောက်ကာ ဒလန်အဖြစ် ဆောင်ရွက်နေသူများနှင့် အပေါင်းအပါများကို လုံးဝခွင့်လွှတ်မည်မဟုတ်ဘဲ ပြင်းထန်စွာ ကိုင်တွယ် ဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။ ဓာတ်ပုံ-မိုးကုတ်ပကဖ Post navigation ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် ဖိလစ်ပိုင်နိုင်ငံမှ ထပ်လောင်းတောင်းဆို မိုးညှင်းအခြေစိုက် စစ်သား ၃ ဦး အလင်းဝင်၊ စစ်တပ်က စစ်သားစုဆောင်းရန် ပြည်သူကို ပေါ်တာဆွဲပြီး သိန်း ၇၀ ဖြင့် ပြန်လည်ရောင်းစား