PSM(NEWS)

ဧပြီ ၂၀၊၂၀၂၆

မြန်မာနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လည်လွှတ်ပေးရန် ဖိလစ်ပိုင်နိုင်ငံက တနင်္ဂနွေနေ့တွင် ထပ်မံတောင်းဆိုလိုက်သည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန (DFA) မှ ထုတ်ပြန်သော ကြေညာချက်တွင် သမ္မတဟောင်း ဦးဝင်းမြင့်အား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးခဲ့ခြင်းနှင့် အကျဉ်းသား ၄,၅၁၄ ဦးအား လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းအပေါ် ကြိုဆိုကြောင်း ဖော်ပြထားသည်။

ယခုလုပ်ဆောင်ချက်သည် မြန်မာနိုင်ငံအတွင်း ယုံကြည်မှုတည်ဆောက်ရေးနှင့် အားလုံးပါဝင်နိုင်သည့် ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရန်အတွက် “အပြုသဘောဆောင်သော ခြေလှမ်း” တစ်ရပ်ဖြစ်ကြောင်း အသိအမှတ်ပြုသော်လည်း၊ အမျိုးသားအဆင့် ဆွေးနွေးပွဲများ အပြည့်အဝ ရှေ့ဆက်နိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာရေးမှာ အရေးကြီးကြောင်း ဖိလစ်ပိုင်ဘက်က ထောက်ပြခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းသူတွေကို လွှတ်ပေးဖို့ဟာ အလွန်အရေးကြီးတယ်ဆိုတာ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ထပ်လောင်းပြောကြားလိုပါတယ်” ဟု DFA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ လွှတ်ပေးခြင်းသည် အဓိပ္ပာယ်ပြည့်ဝသော အမျိုးသားအဆင့်ဆွေးနွေးပွဲများ ဖော်ဆောင်ရန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန်အတွက်မရှိမဖြစ်အရေးပါကြောင်းလည်းဆက်လက်ဖော်ပြထားသည်။

ထို့အပြင် မြန်မာ့နှစ်သစ်ကူး သင်္ကြန် အခါသမယတွင် “မြန်မာနိုင်ငံသားကိုယ်တိုင် ဦးဆောင်ပြီး မြန်မာနိုင်ငံသားပိုင်သည့် နိုင်ငံရေးလုပ်ငန်းစဉ်” အောက်မှနေ၍ ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်သော အမျိုးသားအဆင့် ဆွေးနွေးပွဲများ ဖြစ်လာစေရန် အပြုသဘောဆောင်သော ကမ်းလှမ်းမှုများနှင့် ထိတွေ့ဆက်ဆံမှုများ ပိုမိုရှိလာလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖိလစ်ပိုင်နိုင်ငံက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး၊ ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက်နေ့လွတ်ငြိမ်းချမ်းသာခွင့်တွင်ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်အချို့ကိုလျှော့ပေါ့ပေးခဲ့ကာ ဦးဝင်းမြင့်မှာမူ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

ကိုးကား Philippine Daily Inquirer

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *