PSM(News) ဧပြီ ၁၉၊ ၂၀၂၆ မကွေးတိုင်းအတွင်းရှိ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) အဖွဲ့ ၂၁ ဖွဲ့က အသစ်ပေါ်ပေါက်လာသည့် မကွေးဖက်ဒရယ်ယူနစ်အစိုးရ ကို ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုလိုက်ပြီး အဆိုပါအစိုးရ၏ ဦးဆောင်မှုအောက်တွင် အမိန့်နာခံမှုရှိစွာဖြင့် အောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်သည်။ မကွေးတိုင်းလွှတ်တော်၏ (၁၁) ကြိမ်မြောက် အစည်းအဝေးမှ ပေါ်ထွန်းလာသော မကွေးဖက်ဒရယ်ယူနစ်အစိုးရသည် “ပြည်နယ်များအားကောင်းရေးမှသည် တစ်နိုင်ငံလုံးအားကောင်းရေး” ဆိုသည့် ဖက်ဒရယ်မူဝါဒ၏ ပြယုဂ်ဖြစ်ကြောင်း LPDF အဖွဲ့များက ဆိုသည်။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ပြီး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ထွန်းလာရေးအတွက် ယခုကဲ့သို့ ဒေသအလိုက် ဖက်ဒရယ်ယူနစ်အစိုးရများ ဖွဲ့စည်းနိုင်ခြင်းကို အခိုင်အမာ ထောက်ခံကြောင်း ဖော်ပြထားသည်။ “ကျွန်ုပ်တို့ LPDF တပ်ဖွဲ့တွေဟာ စစ်အာဏာသိမ်းချိန်ကစလို့ တူမီး၊ တစ်တောင့်ထိုး စတဲ့ ရရာလက်နက်တွေနဲ့ ပြည်သူလူထုရဲ့ အကူအညီကိုပဲ အားပြုပြီး တိုက်ပွဲဝင်လာခဲ့ကြတာဖြစ်ပါတယ်။ အခုအခါမှာတော့ မကွေးယူနစ်အစိုးရရဲ့ လမ်းညွှန်မှုအောက်မှာ သန္ဓေထိုင်တပ်မတော်အဖြစ် အမြန်ဆုံး အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု မကွေးတိုင်း LPDF များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုပူးတွဲထုတ်ပြန်ချက်တွင် Southern Yesagyo PDF၊ Earthquake PDF၊ 21Bagan PDF၊ Myaing UAV Fighter Drone အဖွဲ့အပါအဝင် မကွေးတိုင်းအတွင်းရှိ အဓိကပြောက်ကျားတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ ၂၁ ဖွဲ့ ပါဝင်ကြသည်။ ထို့အပြင် တိုင်းအတွင်းရှိ အခြားသော ညီနောင် LPDF အဖွဲ့များအနေဖြင့်လည်း မကွေးယူနစ်အစိုးရ၏ ဦး ဆောင်မှုအောက်တွင် လက်တွဲညီညီဖြင့် စုစည်းညီညွတ်သော အင်အားစုတစ်ရပ်အဖြစ် ပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။ Post navigation တူရကီ၌ကျင်းပသည့် ၁၅၂ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံသို့ NUG ဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် ဖိလစ်ပိုင်နိုင်ငံမှ ထပ်လောင်းတောင်းဆို