PSM(NEWS)

မတ်လ ၂၀ ၊ ၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် ကြာသပတေးနေ့က ဝါရှင်တန်တွင် ဂျပန်ဝန်ကြီးချုပ် စနာအဲ တာကာအီချီ နှင့် တွေ့ဆုံစဉ် အီရန်အပေါ် အမေရိကန်၏ တိုက်ခိုက်မှုများနှင့် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက ဂျပန်၏ ပုလဲဆိပ်ကမ်း တိုက်ခိုက်မှုကို နှိုင်းယှဉ်၍ တီဟီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲကို ခုခံကာကွယ် ပြောကြားခဲ့သည်။

“ကျွန်တော်တို့က အလစ်အငိုက် တိုက်ခိုက်မှုကို လိုချင်တာပါ။ အလစ်အငိုက် တိုက်ခိုက်မှုအကြောင်းကို ဂျပန်ထက် ဘယ်သူက ပိုသိဦးမှာလဲ။ ပုလဲဆိပ်ကမ်း အကြောင်းကို ခင်ဗျားတို့ ကျွန်တော့်ကို ဘာလို့ ကြိုမပြောခဲ့တာလဲ” ဟု မဟာမိတ်များအား ၎င်း၏ စစ်အစီအစဉ်များကို အဘယ်ကြောင့် ကြိုတင် အသိမပေးခဲ့သနည်းဟူသော သတင်းထောက်တစ်ဦး၏ အမေးကို သမ္မတ ထရမ့် က တုံ့ပြန်ခဲ့သည်။

အိမ်ဖြူတော် Oval Office ၌ ၎င်းနှင့် ဘေးချင်းယှဉ် ထိုင်နေသော သမ္မတ ထရမ့် က အမေရိကန်အား ဒုတိယကမ္ဘာစစ်အတွင်းသို့ ဆွဲသွင်းခဲ့သည့် ဖြစ်ရပ်ကို ထုတ်ဖော် ပြောဆိုလိုက်ချိန်တွင် ဝန်ကြီးချုပ် စနာအဲ တာကာအီချီ မှာ အံ့အားသင့်သွားဟန်ဖြင့် မျက်လုံးများ ပြူးကျယ်သွားကာ ထိုင်ခုံပေါ်တွင် ကိုယ်ဟန်အနေအထား ပြောင်းလဲသွားသည်ကို တွေ့ရသည်။

၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့က ဟာဝိုင်ယီရှိ အမေရိကန် ရေတပ်စခန်းဖြစ်သော ပုလဲဆိပ်ကမ်းကို ဂျပန်တို့က အလစ်အငိုက် တိုက်ခိုက်ခဲ့မှုကြောင့် အမေရိကန်နိုင်ငံသား ၂,၃၉၀ ဦး သေဆုံးခဲ့ပြီး နောက်တစ်နေ့တွင် အမေရိကန်က ဂျပန်အပေါ် စစ်ကြေညာခဲ့သည်။

ထိုစဉ်က အမေရိကန်သမ္မတ ဖရန်ကလင် ဒီ ရုစဗဲ့ က အဆိုပါနေ့ကို “အရှက်တကွဲ အမည်းစက်အဖြစ် ကျန်ရစ်မည့်နေ့” ဟု ခေါ်ဆိုခဲ့သည်။ ၁၉၄၅ ခုနှစ်၊ သြဂုတ်လတွင် ဟီရိုရှီးမားနှင့် နာဂါဆာကီ မြို့များပေါ်သို့ အမေရိကန်က အနုမြူဗုံး ကြဲချခဲ့ပြီးနောက် အရပ်သား သိန်းနှင့်ချီ သေဆုံးခဲ့ရပြီး ရက်ပိုင်းအကြာတွင် အမေရိကန်က ဂျပန်ကို အောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ကိုးကား Reuters

#တီဟီရန်

#ဒေါ်နယ်ထရမ့်

#ပုလဲဆိပ်ကမ်း

#ဂျပန်ဝန်ကြီးချုပ်

#အီရန်အရေးနှိုင်းယှဉ်

#PSM_News

By Htet Ko