PSM(NEWS)

မတ် ၂၀၊ ၂၀၂၆

ပင်လယ်ကွေ့ဒေသတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို အဆုံးသတ်ရန်နှင့် ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းများ၏ ဘေးကင်းလုံခြုံမှုကို မထိပါးစေရန် တရုတ်နိုင်ငံက ကြာသပတေးနေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။

ထို့ပြင် ရေနံစျေးကွက်အတွင်း ရောင်းလိုအားပြတ်တောက်မှုဒဏ်ကို ရင်ဆိုင်နေရသော အရှေ့တောင်အာရှနိုင်ငံများ၏ စွမ်းအင်လိုအပ်ချက်ကို ဝိုင်းဝန်းကူညီဖြေရှင်းပေးရန် အသင့်ရှိကြောင်းလည်း ဆိုသည်။

အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲအတွင်း တရုတ်နိုင်ငံက မိမိကိုယ်ကိုယ် ပိုမိုအားကိုးထိုက်သည့် အင်အားကြီးနိုင်ငံအဖြစ် ပုံဖော်နေသော်လည်း ကမ္ဘာ့စွမ်းအင်စျေးကွက် မတည်ငြိမ်မှုကိုမူ စိုးရိမ်လျက်ရှိကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားသည်။

အထူးသဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးမဏ္ဍိုင်ဖြစ်သော ထုတ်ကုန်လုပ်ငန်းကဏ္ဍကို လည်ပတ်ရန် ၂၀၀၀ ပြည့်နှစ်နှောင်းပိုင်းကတည်းက စုဆောင်းထားသည့် စွမ်းအင်အရင်းအမြစ်များကို အသုံးပြုနေရခြင်းကြောင့် ဖြစ်သည်။

ပေကျင်းအစိုးရသည် ယခုလအစောပိုင်းက ဒီဇယ်၊ ဓာတ်ဆီနှင့် လေယာဉ်ဆီ တင်ပို့မှုများကို ပိတ်ပင်ထားသလို၊ စိုက်ပျိုးရေးမြေသြဇာ တင်ပို့မှုကိုလည်း ကန့်သတ်ထားသည်။ ထိုသို့သော အခြေအနေမျိုးတွင် လူဦးရေသန်း ၇၀၀ ရှိသည့် အရှေ့တောင်အာရှဒေသသို့ ကူညီပံ့ပိုးမည်ဟူသော ကမ်းလှမ်းချက်သည် ဒေသတွင်း ရေနံတင်သွင်းသည့် နိုင်ငံများအတွက် သက်သာရာရစေမည့် သတင်းစကား ဖြစ်လာသည်။

“အရှေ့အလယ်ပိုင်း အခြေအနေဟာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်လုံခြုံမှုကို ထိခိုက်စေပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့် က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဒေသတွင်း မတည်ငြိမ်မှုကြောင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုမထိခိုက်စေဖို့ သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ချက်ချင်းရပ်တန့်သင့်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လင်းကျန့်သည် ဟော်မုဇ် ရေလက်ကြား အမည်ကို တိုက်ရိုက်ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ရေကြောင်းလမ်းများ၏ ဘေးကင်းမှုကို မနှောင့်ယှက်သင့်ကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဖုန်းဖြင့် ဆွေးနွေးရာတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် တာဝန်ရှိကြောင်း ပြောဆိုခဲ့သည်။

အရှေ့အလယ်ပိုင်းတွင် ကျယ်ပြန့်လာသော စစ်ပွဲသည် စွမ်းအင်၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေးနှင့် သင်္ဘောလုပ်ငန်းများကို တိုက်ရိုက်ထိခိုက်စေပြီး နိုင်ငံအားလုံး၏ ဘုံအကျိုးစီးပွားကို ပျက်စီးစေကြောင်း ဝမ်ယိက ထောက်ပြခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ရှိ ပေကျင်း ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲကလပ် (Beijing Club for International Dialogue) မှ အကြီးတန်းသုတေသနအရာရှိ ဝမ်ကျင်းကမူ ဤအကျပ်အတည်းသည် တရုတ်နိုင်ငံအတွက် အခွင့်အလမ်းသစ်များ ဖြစ်လာနိုင်ကြောင်း သုံးသပ်သည်။

အထူးသဖြင့် ဟော်မုဇ် ရေလက်ကြားပိတ်ဆို့မှုသည် ရုပ်ကြွင်းလောင်စာများထက် တရုတ်နိုင်ငံက ထိပ်တန်းက ဦးဆောင်နေသည့် နျူကလီးယားစွမ်းအင်နှင့် အခြားသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍများ၏ ပိုမိုစိတ်ချရမှုကို မီးမောင်း ထိုးပြရာရောက်သည်ဟု ၎င်းက ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ စွမ်းအင်ဝန်ကြီး ရှာရွန် ဂါရင်သည်လည်း တရုတ်သံအမတ်နှင့် တွေ့ဆုံကာ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးခဲ့သည်။ ၎င်းသည် တောင်တရုတ်ပင်လယ် အငြင်းပွားမှုများကြားမှ နှစ်နိုင်ငံဆက်ဆံရေး၏ ထူးခြားသော အပြောင်းအလဲတစ်ခု ဖြစ်လာသည်။

ကိုးကား Reuters

#ပင်လယ်ကွေ့ပဋိပက္ခ

#တရုတ်

#အရှေ့တောင်အာရှ

#စွမ်းအင်အခက်အခဲ

#ကူညီဖြေရှင်းမည်_ကမ်းလှမ်း

#PSM_News

By Htet Ko