PSM(News) စက်တင်ဘာ ၂ ၊ ၂၀၂၆ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှ ဗန်းမော်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် အာဏာလု စစ်အုပ်စု၏ စစ်ရေယာဉ်အုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PDF ပူးပေါင်းတပ်များက စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ရေယာဉ် လေးစီး ထိခိုက်ပျက်စီးခဲ့ပြီး သင်္ဘော နှစ် စီးပေါ်ရှိ စစ်တပ် တပ်ဖွဲ့ဝင် ၁၀၀ ကျော် အလံဖြူထောင်၍ လက်နက်ချခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါ စစ်ရေယာဉ်အုပ်စုသည် မန္တလေးမှ ဆန်တက်လာခြင်းဖြစ်ပြီး ဩဂုတ် ၂၇ ရက်တွင် ရွှေကူမြို့သို့ ရောက်ရှိရပ်နားကာ ယနေ့ စက်တင်ဘာ ၂ ရက် နံနက် ၄ နာရီ ၂၀ မိနစ်ခန့်တွင် ဗန်းမော်မြို့ရှိ ပိတ်မိနေသော တပ်များထံ အင်အားနှင့် ရိက္ခာဖြည့်တင်းရန် တပ်မ (၃၃) ဒုတိယတပ်မမှူး ကိုယ်တိုင် ဦးစီး၍ ဆန်တက်လာစဉ် မြစ် ကြောင်းတစ်လျှောက် ကြားဖြတ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ တပ်မ (၃၃) ဒုတပ်မမှူး ဦးစီးလာသည့် အဆိုပါ စစ်ရေယာဉ်အုပ်စုသည် ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာနှင့် စင်းခန်းဒေသအနီးတို့တွင် ပြင်းထန်စွာ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ဇင်းဘုံကျေးရွာအနီး၌ စစ်ရေယာဉ် နှစ် စီးနှင့် စင်းခန်းဒေသအနီးတွင် တစ် စီး ထိခိုက်ပျက်စီးခဲ့သည့်အပြင် တစ် စီးမှာ စစ်သားများနှင့်အတူ မြစ်အတွင်း ရေမြှုပ်သွားခဲ့သည်။ ထို့ကြောင့် အာဏာလု စစ်အုပ်စုမှ စစ်သားအချို့သည် ဧရာဝတီမြစ်အတွင်းသို့ ခုန်ဆင်း၍ ရေကူး ထွက်ပြေးခဲ့ကြပြီး ရှေ့ဆက် မတက်နိုင်တော့သည့် စစ်ရေယာဉ် နှစ်စီးမှာ မြစ်ကမ်းဘေးသို့ ကပ်ကာ အလံဖြူထောင်၍ လက်နက်ချခဲ့ကြရာ လက်ရှိတွင် အလင်းဝင်လာသူ စစ်သား ၁၀၀ ကျော်နှင့် သုံ့ပန်းများ ရရှိထားပြီး ဒုတပ်မမှူး သေဆုံးခြင်း ရှိ၊ မရှိကိုမူ အတည်ပြုနိုင်ရန် စုံစမ်းဆဲဖြစ်သည်။ “စစ်သင်္ဘော ၁ စီး မြုပ်သွားပြီး ၁ စီးက မီးလောင်နေတယ်။ ဇင်းဘုံမှာ ၂ စီးပျက်၊ စင်းခန်းမှာ ၁ စီးပျက်ပြီး ၂ စီး သိမ်းခံရတာပေါ့။ သင်္ဘောတွေပေါ်က အလံဖြူထောင် လက်နက်ချတာ စစ်သား ၁၀၀ ကျော်ရှိတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်တစ်ဦးက PSM News ကို ပြောသည်။ စစ်ရေယာဉ်အုပ်စု အကြီးအကျယ် အရေးနိမ့်သွားပြီးနောက် အာဏာလု စစ်အုပ်စုသည် ယနေ့တွင် ရွှေကူ-ဗန်းမော် ကြားရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်သို့ တိုက်လေယာဉ် အစီး ၂၀ ကျော်အသုံးပြု ကာ လေကြောင်းမှ အပြင်းအထန် တောက်လျှောက် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။ “တံတားဦးတက်လာတဲ့ ဂျက်ဖိုက်တာ၊ Y-12 တွေနဲ့ ဗုံးကြဲချတာ။ မနက်အစောကြီး ၁ နာရီကျော် ကတည်းက ဗုံးကြဲနေတာ၊ အကြိမ်ရေ ၃၀ ကျော်တယ်” ဟု ရွှေကူရှိ ဒေသခံက PSM ကို ပြောသည်။ အာဏာလု စစ်အုပ်စုသည် ဗန်းမော်သို့ ရောက်ရှိနိုင်ရေးအတွက် ဧရာဝတီမြစ်ကြောင်းကို အသုံးပြု၍ စစ်အင်အားနှင့် ရိက္ခာများ ပို့ဆောင်ရန် ကြိုးပမ်းနေသော်လည်း ပူးပေါင်းတပ်ဖွဲ့များက မြစ်ကြောင်း တစ်လျှောက် စောင့်ကြို ပိတ်ဆို့ထားသဖြင့် စစ်တပ် စစ်ရေယာဉ်အုပ်စုမှာ အထိနာမှုများနှင့် ရင်ဆိုင် နေရခြင်း ဖြစ်သည်။ “ဗန်းမော်မြို့ကို ရောက်နိုင်ရေး ဧရာဝတီမြစ်ကြောင်းကို အသုံးပြုပြီး စစ်အင်အားနဲ့ ရိက္ခာတွေ ပို့ဆောင်ဖို့ ကြိုးပမ်းနေတာ။ ပူးပေါင်းတပ်ဖွဲ့တွေက မြစ်ကြောင်းတစ်လျှောက် တောက်လျှောက် စောင့်ကြိုတိုက်ခိုက်နေတာမို့ စစ်ရေယာဉ်အုပ်စုဟာ အထိနာမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။ အဆိုပါ စစ်ရေယာဉ်အုပ်စုသည် မန္တလေးမှ ဆန်တက်လာခြင်းဖြစ်ပြီး ဩဂုတ် ၂၇ ရက်တွင် ရွှေကူမြို့သို့ ရောက်ရှိရပ်နားခဲ့ကာ စက်တင်ဘာ ၂ ရက် နံနက် ၄ နာရီ ၂၀ မိနစ်ခန့်တွင် ဗန်းမော်သို့ ဆက်လက် ထွက်ခွာ စဉ် လမ်းတစ်လျှောက် စောင့်ကြိုတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဩဂုတ် ၂၉ ရက်ကလည်း ရွှေကူမှ ဗန်းမော်သို့ ဆန်တက်လာသည့် ထောက်ပို့ စစ်ရေယာဉ် သုံး စီးကို ဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်းအနီး နောင်မိုရွာ ကမ်းပါးရှိ ကြက်တူရွေးနှုတ်သီးနှင့် သင်္ဘောအင်း ရွာကြား၌ ပူးပေါင်းတပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ရေယာဉ် တစ် စီး မီးလောင် ပျက်စီးခဲ့သည်။ ဓာတ်ပုံ-CJ Post navigation တော်လှန်ရေး အရှိန်မြှင့်ရန် နေပြည်တော်တပ်ရင်း ၈၀၈ ရဲဘော်သစ်များ စတင်ခေါ်ယူ မော်ချီးမြို့ပေါ်ကို အာဏာလု စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲ၊ ကလေးငယ် ၂ ဦး အပါအဝင် အရပ်သား ၆ ဦး သေဆုံး