PSM (News)

စက်တင်ဘာ ၂၊ ၂၀၂၆

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းနှင့် တောင်တရုတ် ပင်လယ်အတွင်း ပြန်လည်အားကောင်းလာသည့် တိုင်ဖွန်းမုန်တိုင်း ဆောင်ဒယ် (SAUDEL) တို့၏ ဆွဲအားကြောင့် အနောက်တောင်မုတ်သုံလေမှာ ပိုမိုအားကောင်းလျက်ရှိကြောင်း အိန္ဒိယမိုး လေဝသဌာန (IMD) နှင့် ထိုင်းမိုးလေဝသဌာနတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

မုတ်သုံမြောင်းတန်းသည် ရခိုင်၊ မကွေး၊ ပဲခူး၊ နေပြည်တော်နှင့် ကရင်နီပြည်တို့ပေါ်မှ ဖြတ်သန်းသွယ် တန်းနေသဖြင့် စိုစွတ်သော လေထုနှင့် မိုးတိမ်များ ဝင်ရောက်ကာ ရခိုင်၊ ဧရာဝတီ၊ ပဲခူး၊ မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၂ ရက်တွင် ချင်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့၌ မိုးအလွန် များနိုင်ပြီး စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကချင်ပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် တောင်ပိုင်းတို့တွင် နေရာအနှံ့အပြား မိုးများနိုင်သည်။

ထို့အပြင် ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်နှင့် ကရင်တို့တွင် နေရာအနှံ့အပြား မိုးအသင့်အတင့် ရွာနိုင်ကာ မကွေး၊ နေပြည်တော်၊ မန္တလေး၊ ကရင်နီ၊ ရှမ်းအရှေ့ပိုင်းနှင့် တနင်္သာရီတို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွာပြီး နေရာကွက် မိုးသည်းထန်နိုင်သည်။

မိုးဇလ၏ သတိပေးချက်အရ ပဲခူးမြစ်၊ ဘီးလင်းမြစ် (ဘီးလင်းမြို့)၊ ရွှေကျင်မြစ် (ရွှေကျင်မြို့)၊ သံလွင်မြစ် (ဘားအံမြို့) နှင့် စစ်တောင်းမြစ် (မဒေါက်မြို့) တို့တွင် မြစ်ရေများ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်၍ ဆက်လက်မြင့်တက်နေသဖြင့် ပဲခူး၊ ဘီးလင်း၊ ရွှေကျင်၊ ဘားအံနှင့် မဒေါက်မြို့နယ်များရှိ မြေနိမ့်ပိုင်း နေထိုင်သူများ ရေဘေးလွတ်ရာကို ကြိုတင်ရှောင်ရှားကြရန် တိုက်တွန်းထားသည်။

ပင်လယ်ပြင် အခြေအနေအနေဖြင့် မြန်မာကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလျှင် မိုင် ၃၀ အထိ မိုးသက်လေပြင်းများ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေခန့်အထိ လှိုင်းကြီးနိုင်သဖြင့် ပင်လယ်ပြင် ခရီးသွားများနှင့် ရေလုပ်သားများ ပင်လယ်ပြင်သို့ ထွက်ခွာခြင်း မပြုကြရန် သတိပေးထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *