PSM(NEWS)

ဧပြီ ၂၊၂၀၂၆

ရုရှားနိုင်ငံက သိမ်းပိုက်ထားသည့် ခရင်မီးယားကျွန်းဆွယ်တွင် ရုရှားစစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်အဖွဲ့သား ၆ ဦးနှင့် ခရီးသည် ၂၃ ဦး၊ စုစုပေါင်း ၂၉ ဦး သေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကား၍ ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ပြည်တွင်းသတင်းဌာနများက ဖော်ပြခဲ့ကြသည်။

၂၀၁၄ ခုနှစ်တွင် ယူကရိန်းထံမှ ရုရှားက ကျူးကျော်သိမ်းပိုက်ထားသော ခရင်မီးယားကျွန်းဆွယ်ပေါ်၌ ပုံမှန်ပျံသန်းမှု ပြုလုပ်နေသည့် အဆိုပါ An-26 အမျိုးအစား စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်သည် အင်္ဂါနေ့ ညနေ ၆ နာရီဝန်းကျင်တွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါစစ်ဘက်လေယာဉ်သည် တောင်ကမ်းပါးယံတစ်ခုကို တိုက်မိကာ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာရှိ သတင်းရင်းမြစ်များကို ကိုးကား၍ Tass နှင့် RIA Novosti သတင်းဌာနများက ဖော်ပြသည်။

ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီ၏ ထုတ်ပြန်ချက်အရ လေယာဉ်ပေါ်တွင် အမှုထမ်း ၇ ဦးနှင့် ခရီးသည် ၂၃ ဦး၊ စုစုပေါင်း ၃၀ ဦး လိုက်ပါသွားခြင်းဖြစ်ပြီး အမှုထမ်းတစ်ဦး အသက်ရှင်ခြင်း ရှိ၊ မရှိကိုမူ တရားဝင်အတည်မပြုနိုင်သေးပေ။

လက်ရှိတွင် ဘက်ခ်ချီဆာရိုင်း ခရိုင်အတွင်းရှိ တောတောင်ထူထပ်သော ဒေသတွင် ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး ပျံသန်းမှုဆိုင်ရာ စည်းမျဉ်းများနှင့်ပတ်သက်၍ ရာဇဝတ်မှုကြောင်းအရ စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်သည်။

စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပျက်ကျခြင်းဖြစ်နိုင်ကြောင်းနှင့် ပြင်ပမှ တိုက်ခိုက်နှောင့်ယှက်မှုမျိုး မရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်ဟုInterfax သတင်းဌာနက ဖော်ပြသည်။

ယူကရိန်းကို ရုရှားက စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ရုရှားစစ်ဘက်လေယာဉ်များ မတော်တဆဖြစ်မှု မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း အိုင်ဗန်နိုဗို ဒေသတွင် An-22 စစ်ဘက်လေယာဉ်တစ်စင်း ပျက်ကျကာ အမှုထမ်း ၇ ဦး သေဆုံးခဲ့သလို၊ ၂၀၂၅ ခုနှစ် ဧပြီလအတွင်းကလည်း အီကုဒ် ဒေသတွင် Tu-22M3 ဗုံးကြဲလေယာဉ်တစ်စင်း ပျက်ကျခဲ့ဖူးသည်။

အဆိုးရွားဆုံးဖြစ်ရပ်အဖြစ် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် Su-34 ဗုံးကြဲလေယာဉ်တစ်စင်း ရုရှားမြို့ပြ လူနေရပ်ကွက်အတွင်း ပျက်ကျခဲ့ရာ လူ ၁၅ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

ကိုးကား AP

By Htet Ko