PSM(NEWS)

ဧပြီ ၁၊ ၂၀၂၆

သီတင်းပတ်ပေါင်းများစွာလောင်စာဆီယိုစိမ့်မှုနှင့်အခြားအခက်အခဲများကြုံတွေ့ခဲ့ရပြီးနောက်၊နှစ်ပေါင်း ၅၀ ကျော်အတွင်းလူသားတို့၏ ပထမဆုံးသော လကမ္ဘာခရီးစဉ် မစတင်မီ တစ်ရက်အလို အင်္ဂါနေ့တွင်အမျိုးသားလေကြောင်းနှင့် အာကာသ စီမံခန့်ခွဲရေးဌာန (NASA) ၏ ပြင်ဆင်မှုများမှာ အဆင်ပြေချောမွေ့လျက်ရှိသည်။

လွှတ်တင်မည့်စင်ပေါ်ရှိ လကမ္ဘာသွားဒုံးပျံမှာ အခြေအနေကောင်းမွန်ပြီး ရာသီဥတုမှာလည်း စိတ်ချရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မိုးလေဝသခန့်မှန်းချက်များအရ ရာသီဥတုသာယာနိုင်ခြေ ၈၀ ရာခိုင်နှုန်း ရှိနေသည်။

“အားလုံးက အရမ်းကို စိတ်လှုပ်ရှားနေကြသလို ဒီလွှတ်တင်မှုရဲ့ အရေးပါမှုကိုလည်း နားလည်ထားကြပါတယ်” ဟု ဝါရင့်စမ်းသပ်မှုညွှန်ကြားရေးမှူး ဂျက်ဖ် စပေါလ်ဒင်း က ဆိုသည်။

အာတဲမစ် ၂ (Artemis II) မစ်ရှင်တွင် တာဝန်ပေးအပ်ခြင်းခံရသော အာကာသယာဉ်မှူးလေးဦးသည် ၁၉၇၂ ခုနှစ်၊ အပိုလို ၁၇ (Apollo 17) နောက်ပိုင်း လကမ္ဘာသို့ ပထမဆုံးရောက်ရှိမည့်သူများ ဖြစ်လာမည်ဖြစ်သည်။

၎င်းတို့သည် လကမ္ဘာပေါ်သို့ ဆင်းသက်ခြင်း သို့မဟုတ် ပတ်လမ်းအတွင်း လှည့်ပတ်ခြင်းမျိုး ပြုလုပ်မည်မဟုတ်ဘဲ လကမ္ဘာကို ပတ်၍ ကမ္ဘာမြေသို့ တိုက်ရိုက်ပြန်လည် ရောက်ရှိလာမည်ဖြစ်သည်။

ယခုအကြိမ်သည် အာတဲမစ် ၂ (Artemis II) လွှတ်တင်နိုင်ရန် အမျိုးသားလေကြောင်းနှင့်အာကာသ စီမံခန့်ခွဲရေးဌာန ( NASA) အတွက် အနီးစပ်ဆုံး အခြေအနေဖြစ်သည်။

ဟိုက်ဒရိုဂျင်လောင်စာ ယိုစိမ့်မှုကြောင့် ဖေဖော်ဝါရီမှ မတ်လသို့ ရွှေ့ဆိုင်းခဲ့ရပြီး ဟီလီယံပိုက်လိုင်းများ ပိတ်ဆို့မှုကြောင့် ဧပြီလအထိ ထပ်မံကြန့်ကြာခဲ့ရသည်။ အာကာသအေဂျင်စီအနေဖြင့် အမေရိကန်နိုင်ငံသား သုံးဦးနှင့် ကနေဒါနိုင်ငံသား တစ်ဦးတို့ကို လကမ္ဘာသို့စေလွှတ်ရန် တစ်လလျှင် ရက်အနည်းငယ်သာ အခွင့်အရေးရရှိခြင်း ဖြစ်သည်။

အဆိုပါပြဿနာများအားလုံးကို ဖြေရှင်းပြီးဖြစ်ကြောင်း ယုံကြည်မှုရှိသည့်အတွက် လွှတ်တင်ရေးအဖွဲ့သည် အထပ် ၃၂ ထပ် မြင့်သော အာကာသလွှတ်တင်ရေးစနစ် ဒုံးပျံကို ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် လောင်စာဆီစတင်ဖြည့်သွင်းကာ ညနေပိုင်းတွင် လွှတ်တင်ရန် စီစဉ်ထားသည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *