PSM(NEWS) ဧပြီ ၂ ၊ ၂၀၂၆ အဆိုတော် ဘရုစ် စပရင်းစတင်း သည်၎င်း၏အမေရိကန်နယ်လှည့်ဖျော်ဖြေပွဲအား အင်္ဂါနေ့ညက မင်နီယာပိုလစ်မြို့တွင် စတင်ခဲ့ရာ ထရန့်အစိုးရ၏လူဝင်မှုကြီးကြပ်ရေးအပေါ်တင်းကျပ်စွာကိုင်တွယ်မှုများကို ပြစ်တင်ရှုတ်ချခဲ့ပြီးအီရန်စစ်ပွဲကို ဆန့်ကျင်သည့် သဘောထားဖြင့် ဖျော်ဖြေပွဲအား ဖွင့်လှစ်ခဲ့သည်။ စပရင်းစတင်းသည် ၎င်း၏ “Land of Hope & Dreams American Tour” ကို Target Centerအားကစားကွင်း၌သုံးနာရီနီးပါးကြာတဆက်တည်းဖျော်ဖြေခဲ့သည်။ ၎င်းသည် ယခင်ကလည်း မြို့ခံပြည်သူများ၏ သတ္တိကို ချီးကျူးဂုဏ်ပြုသည့် သီချင်းများ သီဆိုခဲ့ဖူးသည်။ ဒေါ်နယ်ထရန့် အစိုးရက လူဝင်မှုကြီးကြပ်ရေး အရေးယူဆောင်ရွက်မှုအဖြစ် ဖက်ဒရယ်အရာရှိ ၃,၀၀၀ ခန့်ကို အဆိုပါမြို့သို့ စေလွှတ်ခဲ့ခြင်းအပေါ် မြို့ခံများကဆန့်ကျင်ခဲ့ကြခြင်းဖြစ်သည်။ “ကျွန်တော်တို့ဟာ အမေရိကန်ရဲ့ စံတန်ဖိုးတွေကို ကာကွယ်ဖို့နဲ့ ဂုဏ်ပြုဖို့ ဒီကိုရောက်နေတာပါ” ဟု စပရင်းစတင်းက ပြောကြားခဲ့သည်။ “ဒီမိုကရေစီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကျွန်တော်တို့ရဲ့ မြင့်မြတ်တဲ့ အမေရိကန်ကတိကဝတ်တွေ၊ ကျွန်တော် နှစ်ပေါင်း ၅၀ ကြာ ရေးသားခဲ့ပြီး ကမ္ဘာတစ်ဝန်းက မျှော်လင့်ချက်အလင်းတန်းအဖြစ် မြင်ခဲ့ကြတဲ့ အမေရိကဟာ အခုတော့ အကျင့်ပျက်ခြစားတဲ့၊ အရည်အချင်းမရှိတဲ့၊လူမျိုးရေးခွဲခြားတဲ့၊ မဆင်မခြင်လုပ်တတ်တဲ့ သစ္စာဖောက်အစိုးရရဲ့ လက်ထဲကို ရောက်နေပါပြီ။” ထို့နောက် ၎င်းက ပရိသတ်များအား ကြောက်ရွံ့မှုထက်မျှော်လင့်ချက်ကို၊ အာဏာရှင်စနစ်ထက် ဒီမိုကရေစီကို ရွေးချယ်ရန် တိုက်တွန်းခဲ့ပြီး “War” အမည်ရှိ သီချင်းအား အားမာန်ပါပါ သီဆိုခဲ့သည်။ ဖျော်ဖြေပွဲအတွင်း၎င်း၏နာမည်ကြီးသီချင်းများဖြစ်သည့် “Born in the U.S.A.” ကဲ့သို့သော သီချင်းများကို သီဆိုပြီးနောက်၊ဖက်ဒရယ်အရာရှိများ၏ပစ်ခတ်မှုကြောင့်သေဆုံးခဲ့ရသည့် ရီနေး ဂုဒ် နှင့်အဲလက်စ် ပရက်တီတို့အတွက်ရည်စူးစပ်ဆိုထားသော “Streets of Minneapolis” သီချင်းကို တစ်ကိုယ်တော် သီဆိုခဲ့သည်။ ထိုအချိန်တွင်ပရိသတ်ထောင်ပေါင်းများစွာကဖုန်းမီးများဖြင့်ဂုဏ်ပြုခဲ့ကြသည်။ သီချင်းအပြီးတွင် စပရင်းစတင်းက “ICE Out Now” ဟု ကြွေးကြော်ခဲ့ရာ ပရိသတ်များက လိုက်လံကြွေးကြော်ခဲ့ကြသည်။ စပရင်းစတင်းနှင့် ထရန့်တို့အကြား တင်းမာမှုမှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယမန်နှစ်ဥရောပနယ်လှည့်ဖျော်ဖြေပွဲအတွင်း စပရင်းစတင်းက ထရန့်အစိုးရအား “လူမိုက်အစိုးရ” ဟု ဝေဖန်ခဲ့ဖူးသည်။ အပြန်အလှန်အားဖြင့် ထရန့်ကလည်း စပရင်းစတင်းအား “အရည်အချင်းမရှိသော၊ရိုင်းစိုင်းသည့်လူတစ်ယောက်”ဟုလူမှုကွန်ရက်တွင် တုံ့ပြန်ရေးသားခဲ့သည်။ ဖျော်ဖြေပွဲတွင်မင်နီယာပိုလစ်မြို့သား ကွယ်လွန်သူ နာမည်ကျော် အဆိုတော် Prince ၏ “Purple Rain” သီချင်းဖြင့်လည်း ဂုဏ်ပြုဖျော်ဖြေခဲ့သည်။ စပရင်းစတင်းသည် ၎င်း၏ နယ်လှည့်ဖျော်ဖြေပွဲကို ပေါ့တလန်၊ အော်ရီဂွန်နှင့် လော့စ်အိန်ဂျလိစ်မြို့များသို့ ဆက်လက်သွားရောက်မည်ဖြစ်ပြီး မေလ ၂၇ ရက်နေ့တွင် ဝါရှင်တန်ဒီစီ၌ အဆုံးသတ်မည်ဖြစ်သည်။ ကိုးကား AP Post navigation ခရင်မီးယားတွင်ရုရှားစစ်ဘက်လေယာဉ် ပျက်ကျ၊ လူ ၂၉ ဦး သေဆုံး ထရန့်၏ ဖိအားနှင့် ဗြိတိန်ဝန်ကြီးချုပ်၏ ‘တည်ငြိမ်စွာ ရှေ့ဆက်ရေး’ မူဝါဒ”