PSM(NEWS)

ဧပြီ ၂ ၊ ၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ရန်စမှုများအပေါ် ဗြိတိန်ဝန်ကြီးချုပ် ကဲလ် စတာမာ ၏ ကျွမ်းကျင်လိမ္မာစွာ ကိုင်တွယ်နိုင်မှုသည် လေဘာပါတီအတွင်းရှိ ၎င်းအား ဝေဖန်သူအချို့ကို အထင်ကြီးစေခဲ့သည်။ သို့သော် ကုန်ဈေးနှုန်းနှင့် စားဝတ်နေရေးအတွက် စိုးရိမ်နေရသည့် ပြည်ည်သူလူထု၏ ထောက်ခံမှုကို ရရှိရန် စတာမာ၏ လုပ်ဆောင်ချက်များမှာ လုံလောက်မှု ရှိ၊ မရှိ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ယနေ့နံနက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် စတာမာသည် ထူးခြားသည့် အစီအစဉ်သစ်များ ကြေညာခြင်းမရှိဘဲ တည်ငြိမ်စွာ တုံ့ပြန်နိုင်မှုကို အသာစီးရယူရန် ကြိုးပမ်းခဲ့သည်။

စစ်ပွဲကြောင့် ကုန်ကျစရိတ်များ မြင့်တက်လာမှုအပေါ် စိုးရိမ်နေသူများအတွက် အစီအစဉ်သစ် မရှိခြင်းကို သတင်းထောက်တစ်ဦးက ထောက်ပြရာတွင် စတာမာက “အဲဒါဟာ အဓိကအချက်ပါပဲ” ဟု တုံ့ပြန်ခဲ့သည်။

အစိုးရအနေဖြင့် စစ်ပွဲမတိုင်မီကပင် ကုန်ကျစရိတ် လျှော့ချရေး လုပ်ဆောင်ထားပြီးဖြစ်ကြောင်း၊ ပြဿနာ၏ အတိုင်းအတာကို တိတိပပ မသိရသေးဘဲ စိုးရိမ်တကြီးဖြင့် အဆောတလျင် ဆုံးဖြတ်ချက်များ ချမှတ်မည်မဟုတ်ကြောင်း ၎င်းက အရိပ်အမြွက် ပြောကြားခဲ့သည်။

စတာမာသည် အစည်းအဝေး နှစ်ခုပြုလုပ်ရန် ကြေညာခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးအစ်ဗတ် ကူးပါး သည် ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် နိုင်ငံပေါင်း ၃၅ နိုင်ငံနှင့် ဆွေးနွေးမည်ဖြစ်ပြီး ဟော်မုဇ် ရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်ရေးကို ဦးတည်ဆောင်ရွက်မည်ဖြစ်သည်။

ထို့ပြင် ဥရောပသမဂ္ဂ (EU) နှင့် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန် ထိပ်သီးဆွေးနွေးပွဲတစ်ခုကိုလည်း ပြုလုပ်မည်ဖြစ်သည်။

အထူးသဖြင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) မှ အမေရိကန် နုတ်ထွက်နိုင်သည်ဟူသော ဒေါ်နယ်ထရန့်၏ အရိပ်အမြွက် ပြောကြားချက်များအပြီးတွင် စတာမာ၏ ဥရောပဘက်သို့ ပိုမိုယိုင်နဲ့လာသည့် သဘောထားမှာ သိသာထင်ရှားလှသည်။

သို့သော် စတာမာ၏ ပြောကြားချက်များသည် လေဘာပါတီ၏ ဥရောပလိုလားသော အမာခံထောက်ခံသူများကို ကျေနပ်စေနိုင်သော်လည်း၊ စီးပွားရေး အကျပ်အတည်းကို ရင်ဆိုင်နေရသည့် အခြေခံပြည်သူများအတွက်မူ အာမခံချက် ပေးနိုင်ခြင်းမရှိသေးပေ။

ဘဏ္ဍာရေးဝန်ကြီး ရေချယ်ရိဗ်စ် ကလည်း မည်သူ့ကို ထပ်မံကူညီမည်ဆိုသည်မှာ ပြောရန် စောလွန်းသေးကြောင်းနှင့် ကူညီမှုများကို လိုအပ်သူများထံ တိတိကျကျ ရောက်ရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်၏ ‘တည်ငြိမ်စွာ ရှေ့ဆက်ရေး’ မူဝါဒသည် မှန်ကန်နိုင်သော်လည်း၊ အမှန်တကယ် အကျပ်အတည်း ဆိုက်ရောက်လာချိန်တွင် ‘အထိတ်တလန့် မဖြစ်ကြပါနဲ့’ ဟု အော်ဟစ်နေရုံမျှဖြင့် မလုံလောက်နိုင်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။

ကိုးကား The Independent

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *