PSM (News)

သြဂုတ် ၁၉ ၊ ၂၀၂၆

စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဦးစီးကျင်းပသည့် စုဖွဲ့လေ့ကျင့် မွမ်းမံသင်တန်းဆင်းပွဲတွင် ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) ရဲဘော်ဟောင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ ပကဖ ဘက်တံဆိပ်များ အပ်နှင်းခဲ့ကြောင်း ပကဖအသံထံမှ သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲကို ပြီးခဲ့သည့် ဩဂုတ် ၁၇ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်း ပကဖ တာဝန်ခံ၊ မင်းကင်းမြို့နယ် ပကဖနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံများ အပါအဝင် စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူများ တက်ရောက်၍ သင်တန်းသားများကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။

ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) ကို စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် အောက်တို ဘာတွင် စတင်ဖွဲ့စည်းခဲ့ပြီး မင်းကင်းမြို့နယ်အတွင်း အာဏာလု စစ်အုပ်စုကို တိုက်ခိုက်နေသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။

သို့သော် ဒေသတွင်း အုပ်ချုပ်ရေး၊ တပ်သားသစ်စုဆောင်းရေးနှင့် ကာကွယ် ရေးစရိတ် ကောက်ခံမှု ဆိုင်ရာ အပြန်အလှန် စွပ်စွဲချက်များကြောင့် NUG လက်အောက်ခံ ပသုံးလုံးအဖွဲ့များနှင့် စစ်ရေး တင်းမာမှုများ ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် မေလအတွင်းက နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းမှုများပြုလုပ်ခဲ့သည်။

ထိုသို့ နှစ်ဖက်တွေ့ဆုံပြီးနောက် ပြစ်မှုကျူးလွန်ထားခြင်းမရှိသည့် SRF ရဲဘော်များအနေဖြင့် NUG ကာကွယ် ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုစနစ် (Chain of Command – COC) အောက်သို့ ဝင်ရောက်ရန် သဘောတူညီချက် ရရှိခဲ့ကာ မင်းကင်းမြို့နယ် ပအဖ နှင့် SRF တပ်တော်တို့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းသဘောတူညီချက်အတိုင်း SRF တပ်တော်မှ ရဲဘော်များသည် စုဖွဲ့လေ့ကျင့်မှု သင်တန်းကို တက်ရောက်ခဲ့ကြခြင်းဖြစ်ပြီး ရှေ့ဆက်၍ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ COC အတိုင်း လိုက်နာကာ မင်းကင်းမြို့နယ် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့အဖြစ် တာဝန်ဆက်လက် ထမ်းဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-ပကဖ အသံ

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *