PSM (News) ဩဂုတ်၊ ၁၉ ၂၀၂၆ တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ အားကောင်းသည့် မုတ်သုံလေ မြန်မာနိုင်ငံ အတွင်းသို့ ဆက်လက်စီးဝင်နေမှုကြောင့် လာမည့် ဩဂုတ် ၂၁ ရက်အတွင်း နိုင်ငံတဝန်း မိုးရွာသွန်းမှုများ ပြန်လည်ကျယ်ပြန့်လာမည်ဖြစ်ပြီး ဒေသအချို့တွင် မိုးအလွန်များနိုင်ကြောင်း ထိုင်းမိုးလေဝသဌာနနှင့် မိုးလေဝသ ခန့်မှန်းချက် မော်ဒယ်များ၏ အချက်အလက်များအရ သိရသည်။ ယနေ့ ဩဂုတ် ၁၉ ရက်တွင် နေပြည်တော်၊ ပဲခူးတိုင်း အရှေ့ခြမ်းနှင့် တောင်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နေရာအနှံ့အပြား မိုးများရာမှ မိုးအလွန်များနိုင်ပြီး ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ ရှမ်း၊ ကချင်၊ စစ်ကိုင်းနှင့် ချင်းပြည်နယ်တို့တွင်လည်း နေရာအနှံ့အပြား မိုးရွာသွန်းကာ နေရာကွက်၍ မိုးသည်းထန်နိုင်မည်ဖြစ်သည်၊၊ ထို့အပြင် လာမည့် နှစ်ရက်အတွင်း ရန်ကုန်၊ ပဲခူး၊ ကရင်၊ မွန်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးဆက်လက် ကြီးနိုင်ကြောင်း ခန့်မှန်းထားသည်။ မုတ်သုံလေ အားအလွန်ကောင်းနေမှုကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်ပြင်အတွင်း တစ်နာရီလျှင် ၄၀ မိုင်မှ ၄၅ မိုင်အထိ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းအမြင့် ၁၂ ပေကျော် အထိ မြင့်တက်နိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။ ထို့အတူ ရခိုင်၊ မြစ်ဝကျွန်းပေါ်၊ မွန်နှင့် တနင်္သာရီ ကမ်းရိုးတန်းတို့တွင်လည်း လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့်အထိ မြင့်တက်နိုင်သောကြောင့် ပင်လယ်ပြင်အတွင်း သွားလာလုပ်ကိုင်နေသည့် ရေလုပ်သား များနှင့် ခရီးသွားများအနေဖြင့် ပင်လယ်ပြင်ထွက်ခွာခြင်း အတတ်နိုင်ဆုံး ရှောင်ကြဉ်ရန် မိုးလေဝသ ပညာရပ်ကို လေ့လာနေသူများက တိုက်တွန်းထားသည်။ မြစ်ရေအခြေအနေများတွင် ဧရာဝတီမြစ်နှင့် ငဝန်မြစ်ရေတို့သည် ဟင်္သာတ၊ ဇလွန်နှင့် ငါးသိုင်း ချောင်းတို့၌ အနည်းငယ် ကျဆင်းနေသော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်ရှိနေ ဆဲဖြစ်ပြီး မအူပင်မြို့၏ တိုးမြစ်ရေ၊ မဒေါက်မြို့၏ စစ်တောင်းမြစ်ရေနှင့် ဘားအံမြို့၏ သံလွင်မြစ် ရေတို့သည် လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေကြောင်း သိရသည်။ ဓာတ်ပုံ-လူမှုကွန်ရက် (ပုံဟောင်း) Post navigation မြဝတီနှင့် ဘုရားသုံးဆူရှိ စစ်တပ်လက်အောက်ခံ ကျားဖြန့်ရုံများ၌ လူ ၁၃,၆၀၀ ကျော် ပိတ်မိနေ၊ LinkedIn နှင့် Dating App များမှတစ်ဆင့် လှည့်ဖြားနေ မင်းကင်းမြို့နယ် ပကဖ မွမ်းမံသင်တန်းဆင်းပွဲတွင် SRF ရဲဘော်ဟောင်းများကို ပကဖ ဘက်တံဆိပ် အပ်နှင်း