PSM (News) ဩဂုတ် ၁၉ ၊ ၂၀၂၆ မြန်မာ-ထိုင်းနယ်စပ် မြဝတီနှင့် ဘုရားသုံးဆူဒေသရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းခွင်များတွင် စစ်တပ်၏ လက်အောက်ခံ နယ်ခြားစောင့်တပ်များနှင့် မဟာမိတ်တပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်၌ ပြည်တွင်း/ပြည်ပမှ လူပေါင်း ၁၃,၆၀၀ ကျော် ပိတ်မိနေပြီး LinkedIn အပါအဝင် လူမှုကွန်ရက်များကို အသုံးပြု၍ အလုပ်အကိုင် ဗန်းပြကာ လှည့်ဖြားမှုများ လုပ်ဆောင်နေကြောင်း အရပ်ဘက် အဖွဲ့အစည်း များ၏ အစီရင်ခံစာသစ်အရ သိရသည်။ ကရင်နယ်ခြားစောင့်တပ် (BGF/KNA) ထိန်းချုပ်ထားသော စခန်း ရှစ် ခုတွင် ၈,၃၇၀ ဦးနှင့်ဒီမိုကရေစီအကျိုးပြုတပ်မတော် (DKBA) ထိန်းချုပ်ထားသော စခန်း လေး ခုတွင် ၅,၃၀၀ ဦး စုစုပေါင်း ၁၃,၆၇၀ ဦးထက်မနည်း ပိတ်မိနေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေး အရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက် (CSNHTV) က နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကျားဖြန့် ငွေလိမ်ဂိုဏ်းများသည် သားကောင်များကို စည်းရုံးရန် Facebook, Instagram, Threads အပြင် Bumble, Hinge, Boo စသည့် Dating App များကို အများဆုံးအသုံးပြုလာကြပြီး အထူးသဖြင့် LinkedIn သည် အကြီးစား ငွေလိမ်/လူကုန်ကူးမှုများ စတင်ရာ အန္တရာယ်အရှိဆုံး ပလက်ဖောင်း ဖြစ်ကြောင်း သတိပေးထားသည်။ အဆိုပါ ပမာဏသည် လွန်ခဲ့သည့် တစ်နှစ်ကထက် နှစ်ဆကျော် တိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။ လူကုန်ကူးခံရသူများကို စခန်းတစ်ခုမှတစ်ခုသို့ ထိုင်းဘတ်ငွေ ၁ သန်း (ဒေါ်လာ ၃၀,၀၀၀ ခန့်) ဖြင့် ပြန်လည်ရောင်းစားနေကြပြီး သတ်မှတ်လုပ်ငန်းပစ်မှတ် မပြည့်ပါက လှောင်အိမ်ထဲ ထည့်ပိတ် ထားခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းနှင့် တစ်နေ့လျှင် ၁၆ နာရီအထိ အဓမ္မ စေခိုင်းခြင်းများ ပြုလုပ်နေကြသည်။ “ကျွန်တော်တို့အားလုံး ကြောက်လန့်ပြီး စိတ်ဒဏ်ရာရနေကြပါတယ်။ တစ်နေ့ကို ၁၆ နာရီအထိ အလုပ် လုပ်ခိုင်းနေတုန်းပါပဲ။ ဖုန်းတွေကို သိမ်းထားပြီး နာခံမှုမရှိရင် ရိုက်နှက်ကြပါတယ်။ ကျွန်တော်တို့ကို တိရစ္ဆာန်တွေလို ဆက်ဆံပြီး တစ်နေရာက တစ်နေရာကို ရောင်းစားနေတာပါ”ဟု လွတ်မြောက် လာသူတစ်ဦးက ပြောသည်။ တရုတ်အစိုးရ၏ ဖိအားကြောင့် မြဝတီမြောက်ပိုင်း ရွှေကုက္ကို၊ ကမ္ဘောဒီးယားနှင့် လာအိုတို့တွင် နှိမ်နင်းမှုများ ရှိခဲ့သော်လည်း ဒုစရိုက်ဂိုဏ်းများသည် အာဏာလုစစ်တပ်နှင့် ပူးပေါင်းထားသည့် လက်နက်ကိုင်များ၏ အကာ အကွယ်ဖြင့် ဘုရားသုံးဆူဒေသရှိ ဟိုတယ် နှင့် လူနေအိမ် တိုက်ခန်းများသို့ ပိုမို ပြောင်းရွှေ့လာကြောင်း သိရသည်။ ဓာတ်ပုံ-လူမှုကွန်ရက် ကိုးကား-CSNHTV Post navigation ပင်လယ်ဘူးကို စစ်အုပ်စုက ၃ ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲ၊ မိုင်းတုံးတာကြီး ရွှေကျင်းများ ဗုံးကြဲခံရ၍ လုပ်သား ၈ ဦး သေဆုံး နိုင်ငံတဝန်း မိုးပိုလာပြီး ဒေသအချို့ မိုးအလွန်များနေမည်၊ ပင်လယ်ပြင် လှိုင်းအမြင့် ၁၂ ပေအထိ မြင့်တက်နိုင်၍ သွားလာမှု ရှောင်ကြဉ်ရန်လိုအပ်