PSM(News)

ဩဂုတ် ၁၈၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်အတွင်းရှိ အရပ်သားများ နေထိုင်ရာ နေရာများကို အာဏာလု စစ်အုပ်စုက ၃ ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့ ဩဂုတ် ၁၈ ရက် တွင် ရွှေတူး ဖော်ရေး လုပ်ငန်းခွင်များ ဗုံးကြဲခံရသဖြင့် လုပ်သား ရှစ် ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အုပ်စုသည် ပင်လယ်ဘူးမြို့နယ်အတွင်းရှိ ကင်းပန်းရွာ ဆေးရုံနှင့် စာသင်ကျောင်း၊ မန်စီလေးရွာ ဆေးရုံ၊ လက်ဆည်ကန်ရွာ၊ မြဇေဒီရွာ နှင့် မိုင်းတုံးတာကြီးရွာ ရွှေကျင်းဝင်း စသည့် နေရာ ၅ နေရာထက် မနည်းကို ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်မှ ယနေ့ ဩဂုတ် ၁၈ ရက်အထိ ၃ ရက်ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ ဟုမ္မလင်းက တက်တဲ့ ဂျက်ဖိုက်တာ လေယာဉ် ၂ စင်းနဲ့ ပင်လယ်ဘူး မြောက်ခြမ်း မိုင်းတုန်း၊ တာကြီးနားက ရွှေကျင်းတွေကို ထပ်ကြဲတာ ရှစ် ယောက် သေပါတယ်။ ကျင်းထဲမှာရှိတဲ့သူတွေ ဒဏ်ရာရတာ များမယ်။ မြေပြိုလို့ ကျင်းထဲပိတ်မိကြတာလို့သိရပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် မြေတုန်ခါပြီး ပြိုတာပါ။ စစ်အုပ်စုက ဖိုက်တာတွေနဲ့ ပင်လယ်ဘူးကို ဗုံးကြဲနေတာ ၃ ရက်ရှိပါပြီ” ဟု မြေပြင်ရှိ ဒေသခံတစ်ဦးက PSM ကို ပြောသည်။

စစ်ကိုင်းအထက်ပိုင်း ဟုမ္မလင်း လေတပ်စခန်းမှ ပျံတက်လာသည့် K-8W အပေါ့စား ဂျက်တိုက်လေယာဉ် ၂ စင်းသည် ယနေ့မွန်းလွဲပိုင်းက ပင်လယ်ဘူးမြို့နယ် မြောက်ခြမ်း၊ မိုင်းတုံးတာကြီးကျေးရွာဝန်းကျင်ရှိ ရွှေတူးဖော်ရေး လုပ်ငန်းခွင် (ရွှေကျင်းများ) သို့ ဗုံးသီးများ ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လုပ်ငန်းခွင်အတွင်းရှိ ရွှေကျင်းလုပ်သား ရှစ် ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့သော်လည်း မြေပြင် ဆက်သွယ်ရေး အခက်အခဲကြောင့် အရေအတွက် အတိအကျကို အတည်ပြုနေဆဲ ဖြစ်သည်။

စစ်အုပ်စု၏ ၃ ရက်ဆက်တိုက် လေကြောင်းမှ အင်အားသုံး ဗုံးကြဲမှုများကြောင့် ပင်လယ်ဘူး မြို့နယ်အတွင်း ကျန်းမာရေး ဆေးရုံများ၊ စာသင်ကျောင်းများ၊ ပြည်သူ့နေအိမ်များနှင့် လုပ်ငန်းခွင်များ ပျက်စီးခဲ့ရပြီး ထိခိုက်သေဆုံးသူ အရေအတွက်မှာလည်း ပိုမို များပြားလာကြောင်း သိရသည်။

ဓာတ်ပုံ-CJ

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *