PSM (News) ဩဂုတ် ၁၉၊၂၀၂၆ ဂရိနိုင်ငံ ဆစ်ဖ်နော့စ်ကျွန်းတွင် ဆင်းသက်ခါနီး၌ ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ မကြာသေးမီကမှ လက်ထပ်ခဲ့ကြပြီး ပျားရည်ဆမ်းခရီးထွက်လာကြသည့် ဗြိတိသျှစုံတွဲနှင့် လေယာဉ်မှူးတို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်ရပ်သည် စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် ဖြစ်နိုင်ခြေရှိသည်ဟု ဂရိရဲတပ်ဖွဲ့က ယုံကြည်နေသည်။ ကိုယ်ပိုင်ဇိမ်ခံရဟတ်ယာဉ်Bell 206 ငှားရမ်းစီးနင်းလာကြစဉ် ယခုကဲ့သို့ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြေပြင်သို့ မကျရောက်မီနှင့် ပေါက်ကွဲမီးလောင်မှု မဖြစ်ပွားမီတွင် “ထူးဆန်းသော အသံမြည်ဟည်းသံ” ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများက ထွက်ဆိုခဲ့ကြသည်။ သေဆုံးသွားသူများမှာ လန်ဒန်မြို့တွင် နေထိုင်ကြသည့် အသက် ၃၁ နှစ်အရွယ် အလက်ဇန်းဒါး ခရိုမီ နှင့် အသက် ၃၀ နှစ်အရွယ် မာရီ အီဘတ် တို့ဖြစ်ကြပြီး၊ လေယာဉ်မှူးမှာ အတွေ့အကြုံအလွန်ရင့်သည့် အသက် ၅၃ နှစ်အရွယ် အငြိမ်းစားလေတပ်အရာရှိ ဂျော်ဂျော့စ် ရိုင်းကို့စ် ဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် ဂရိအာဏာပိုင်များနှင့် အမျိုးသား လေကြောင်းနှင့် မီးရထား မတော်တဆမှုများ စုံစမ်းစစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်း၍ အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ရှိမရှိကို အဓိကထား စုံစမ်းစစ်ဆေးလျက်ရှိပြီး၊ နိုင်ငံတွင်းရှိ အဆိုပါ Bell 206 ရဟတ်ယာဉ် အားလုံးကိုလည်း နောက်ထပ်ညွှန်ကြားချက် ထုတ်ပြန်သည်အထိ ပျံသန်းမှု ယာယီရပ်ဆိုင်းထားရန် ပြည်သူ့လေကြောင်းအာဏာပိုင်အဖွဲ့က ညွှန်ကြားထားသည်။ ကိုးကား -The Independent Post navigation မလေးရှား – စင်ကာပူ အမြန်ရထားလိုင်း (RTS Link) စီမံကိန်း မလေးရှားဘက်ခြမ်း တည်ဆောက်မှုများ ပြီးစီးပြီး စမ်းသပ်ပြေးဆွဲမှုများ စတင် အင်္ဂလိပ် ရေလက်ကြားတွင် ဒုက္ခသည် ၁၀၀ နီးပါး လိုက်ပါလာသည့် လှေပျက်စီးခဲ့ရာမှ အရေးပေါ် ကယ်တင်နိုင်ခဲ့