PSM (News)

ဩဂုတ် ၁၈၊ ၂၀၂၆

သမ္မတ ဒေါ်နယ်ထရမ့်သည် တောင်ကိုရီးယားနိုင်ငံနှင့် ပြုလုပ်သည့် နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လျှော့ချရန် ပင်တဂွန်စစ်ဌာနချုပ်အား တနင်္လာနေ့တွင် အမိန့်ပေးခဲ့သည်။ အမေရိကန်အနေဖြင့် အီရန်စစ်ပွဲတွင် ကူညီရန် တောင်ကိုရီးယားက ငြင်းဆိုခဲ့ခြင်းနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိနေခြင်းတို့ကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ၎င်းက ဖော်ပြခဲ့သည်။

တနင်္လာနေ့တွင် စတင်ကျင်းပခဲ့သော အဆိုပါစစ်ရေးလေ့ကျင့်မှုများသည် ကုန်ကျစရိတ်များပြားရုံသာမက ဘက်မှန်ကန်မှုမရှိဘဲ ရန်လိုသည့် အချက်ပြမှုမျိုးဖြစ်စေကြောင်း ဆိုရှယ်မီဒီယာပေါ်တွင် ထရမ့်က ရေးသားခဲ့သည်။

သို့သော် ဖျက်သိမ်းရန် အချိန်နှောင်းသွားပြီဖြစ်သဖြင့် စစ်ရေးလေ့ကျင့်မှုများကို သိသိသာသာ လျှော့ချရန် ကာကွယ်‌ေရးဝန်ကြီး ပိဂက်စ်ဟတ်ကို ညွှန်ကြားထားကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန်နှင့် မဟာမိတ်နိုင်ငံများအနေဖြင့် အီရန်နိုင်ငံအား နျူကလီးယားကင်းစင်ရေး ဆောင်ရွက်ရာတွင် ပါဝင်ရန် တောင်းဆိုခဲ့သော်လည်း တောင်ကိုရီးယားဘက်က ငြင်းပယ်ခဲ့ကြောင်း သမ္မတက ထပ်လောင်းပြောဆိုခဲ့သည်။ ဤလှုပ်ရှားမှုသည် အမေရိကန်အစိုးရအနေဖြင့် မဟာမိတ်နိုင်ငံတစ်နိုင်ငံအပေါ် သဘောထားပြောင်းလဲကာ ယခင်က ရန်သူတော်အဖြစ် သတ်မှတ်ခဲ့ဖူးသည့် ခေါင်းဆောင်တစ်ဦးဘက်သို့ ယိမ်းယိုင်လာပုံပေါ်သည့် နောက်ဆုံးပေါ် ဥပမာတစ်ခုလည်း ဖြစ်လာခဲ့သည်။

ကိုးကား-AP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *