PSM (News)

၁၈ ဩဂုတ် ၂၀၂၆

ဘင်္ဂလားပင်လယ်အော် မုန်တိုင်းငယ်နှင့် အနောက်တောင် မုတ်သုံလေ အရှိန်ကြောင့် လာမည့် ဩဂုတ်လ ၂၀ ရက်နေ့အထိ ပဲခူးတိုင်းအရှေ့ခြမ်းတွင် မိုးအားကောင်းစွာ ဆက်လက် ရွာသွန်းနိုင်ပြီး စစ်တောင်းမြစ် ဝှမ်းဒေသများ၌ ရေကြီးမှု အန္တရာယ် မြင့်မားနေကြောင်း မိုးလေဝသပညာရပ်များကို လေ့လာနေသူ ဦးဝင်းနိုင်က အသိ ပေးထားသည်။

မုန်တိုင်းငယ်သည် အန္ဒိယဘက်သို့ ဝင်ရောက်သွားသဖြင့် ဩဂုတ် ၂၁ ရက်မှ ၂၃ ရက်အတွင်း မိုးလျော့နည်းသွားနိုင်သော်လည်း ပဲခူးရိုးမနှင့် ကရင်တောင်တန်းများမှ တောင်ကျရေများ ထပ်မံ စီးဝင် လာမည် ဖြစ်ကြောင်း သိရသည်။

စစ်တောင်းမြစ်ဝှမ်းဒေသများဖြစ်သည့် တောင်ငူ၊ ဖြူး၊ ကျောက်တံခါး၊ ညောင်လေးပင်၊ ဒိုက်ဦး၊ ပဲခူး၊ ကဝနှင့် ဝေါ မြို့နယ်များတွင် စစ်တောင်းမြစ်နှင့် ပဲခူးမြစ်ရေတို့ စိုးရိမ်ရေမှတ်အထက် ဆက်လက် မြင့်တက်နေနိုင်ပြီးမြစ်ရေကြီးမှုများသည် ဩဂုတ် ၂၂ ရက်တွင် အမြင့်ဆုံး ရောက်ရှိနိုင်ကြောင်း ကမ္ဘာ့ ရေကြီးမှုသတိပေးစနစ် အချက်အလက်များအရ သိရသည်။

ထို့ပြင် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်အနီးသို့ ရောက်ရှိနေပြီး ယနေ့တွင်ပင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် လိုအပ်ပြီး ပဲခူးရိုးမ တောင်ခြေဒေသများတွင် ရုတ်တရက် တောင်ကျရေကျခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်၍ အထူးသတိပြုကြရန် လိုအပ်သည်။

ထို့အတူ ဧရာဝတီမြစ်ရေသည် ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်မြို့တို့တွင် စိုးရိမ်ရေမှတ်အထက် တည်ရှိနေဆဲ ဖြစ်သည်။ ငါးသိုင်းချောင်းမြို့တွင် ငဝန်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ရှိနေပြီး လက်မအနည်းငယ် ထပ်တက်နိုင်သည့်အပြင် သာပေါင်းနှင့် ပုသိမ်မြို့တို့တွင်လည်း အနည်းငယ် ထပ်မံ မြင့်တက် လာနိုင်သည်။ မအူပင်မြို့တွင် တိုးမြစ်ရေသည် ဒီရေတက်ချိန်၌ ၁ ပေခန့် ထပ်မံ မြင့်တက် နိုင်ကြောင်း မိုးဇလ က အသိပေးထားသည်။

ယနေ့ ဩဂုတ် ၁၈ ရက်တွင် ရခိုင်၊ ချင်း၊ ပဲခူးအရှေ့ခြမ်း၊ မွန်၊ ကရင်နှင့် တနင်္သာရီတို့တွင် မိုးအသင့် အတင့်မှ မိုးများနိုင်ပြီး၊ ကချင်၊ စစ်ကိုင်း၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး (တောင်/အနောက်) နှင့် နေပြည်တော် တို့တွင် မိုးအနည်း ငယ်မှ အသင့်အတင့် ရွာနိုင်သည်။

လာမည့် ၂ ရက်အတွင်း ပဲခူး (အရှေ့/တောင်)၊ ရန်ကုန်၊ မွန်၊ ကရင်နှင့် တနင်္သာရီတို့တွင် မိုးပိုလာပြီး မိုးအလွန်များနိုင်သည်။ မန္တလေး၊ မိတ္ထီလာနှင့် ညောင်ဦးတို့တွင်လည်း လာမည့် ဩဂုတ် ၁၉ မှစတင်၍ မိုးအနည်းငယ် ရွာနိုင်ကြောင်း မိုးလေဝသ ခန့်မှန်းချက်များအရ သိရသည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်၊ မုတ္တမကွေ့၊ မွန်နှင့် တနင်္သာရီ ကမ်းရိုးတန်းတို့တွင် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ မိုးသက်လေပြင်း တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၁ ပေအထိ လှိုင်းကြီးနိုင်သဖြင့် ရေလုပ်သားများနှင့် သင်္ဘောများ ပင်လယ်ပြင်ထွက်ခွာခြင်း မပြုကြရန် မိုးလေဝသ ပညာရပ်ကို လေ့လာနေသူများက အသိပေး တိုက်တွန်းထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *