PSM (News)

ဩဂုတ် ၁၈၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ ပရာချင်ဘူရီခရိုင်တွင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ဘန်ကောက်မြို့ဘက်သို့ တင်ဆောင်လာသည့် အသက် ၄၂ နှစ်အရွယ် မွေ့ထိုင်းစခန်းမန်နေဂျာ တစ်ဦး ဖမ်းဆီးခံရသည်။ အဆိုပါအဖွဲ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးနှင့် မြန်မာနိုင်ငံသား ၁ ဦး ပါဝင်သည်။

ဆာကျောင်းနယ်စပ်အနီး လူမှောင်ခိုလမ်းကြောင်းတစ်ခု၌ ပစ်ကပ်ကားတစ်စီး အလွန်အမင်း အရှိန်ပြင်းပြင်း မောင်းနှင်လာသဖြင့် အဝေးပြေးရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရန် ကြိုးပမ်းခဲ့သည်။ သို့သော် ယာဉ်မောင်းမှာ ရပ်တန့်ပေးခြင်းမရှိဘဲ ထွက်ပြေးခဲ့ပြီး ကျေးရွာတစ်ရွာအနီး ရောက်ရှိချိန်တွင် ယာဉ်ကို ထိန်းချုပ်မရတော့ဘဲ စွန့်ပစ်ထွက်ပြေးသွားခဲ့သည်။

ယာဉ်မောင်းနှင့် ရွှေ့ပြောင်းအလုပ်သမားများသည် အနီးရှိ စိုက်ခင်းအတွင်းသို့ ဝင်ရောက်ပုန်းအောင်းခဲ့ကြသဖြင့် ရဲတပ်ဖွဲ့က သုံးနာရီကြာ လိုက်လံရှာဖွေခဲ့ရပြီး လူ ၁၀ ဦးစလုံးကို ဖမ်းဆီးရမိခဲ့သည်။

သံသယရှိယာဉ်မောင်းက ပြီးခဲ့သည့် သုံးလခန့်ကတည်းက ရွှေ့ပြောင်းအလုပ်သမားများကို သယ်ယူပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်တစ်ခေါက်လျှင် ဘတ် ၅,၀၀၀ ရရှိကာ ယင်းငွေများကို ၎င်း၏မွေ့ထိုင်းစခန်း ကုန်ကျစရိတ်အတွက် အသုံးပြုခဲ့ကြောင်း ရဲတပ်ဖွဲ့ကို ထွက်ဆိုခဲ့သည်။

ဖမ်းဆီးခံရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကမူ ကမ္ဘောဒီးယားနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ကြပြီး မိခင်နိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန်အတွက် ထိုင်းနိုင်ငံရှိ ဘင်္ဂလားဒေ့ရှ်သံရုံးသို့ သွားရောက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖမ်းဆီးရမိသူများအားလုံးကို တရားဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန်အတွက် ဝမ်ထာခီယန်ရဲစခန်းသို့ လွှဲပြောင်းအပ်နှံထားကြောင်း သိရသည်။

ကိုးကား – Khaosod

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *