PSM(News)

ဩဂုတ် ၁၈၊ ၂၀၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း၌ စစ်အုပ်စု၏ ထိုးစစ်ဆင်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် တိုက်ပွဲများကြောင့် လမ်းပိုင်းအချို့ကို ယာယီ ပိတ်ထားရပြီး ဒေသခံ ရာပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဒေသခံ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အမှတ် (၃၄) တပ်ရင်းဌာနချုပ်သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ မန်တုံ – မိုးမိတ် လမ်းပိုင်းနှင့် မိုးမိတ် – မြစ်ဆုံ (မဘိမ်း) လမ်းပိုင်းတို့ကို ယာယီ ပိတ်ပင် လိုက်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

အာဏာလု စစ်အုပ်စုသည် ဩဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့ တိုက်ပွဲများအပြီးတွင် မိုးမိတ်မြို့ပြင်ရှိ ညောင်နီနှင့် ဘုရားကုန်းကျေးရွာများကို ထိန်းချုပ်ကာ ဘုရားကုန်းရွာ၌ အထိုင်ချ တပ်စွဲထားသည်။ အဆိုပါ ညောင်နီနှင့် ဘုရားကုန်းရွာအပါအဝင် အနီးဝန်းကျင်မှ ဒေသခံ ရာပေါင်းများစွာသည် နေအိမ်များကို စွန့်ခွာ၍ မိုးမိတ်မြို့ပေါ်နှင့် နီးစပ်ရာ တောတောင်များအတွင်း သို့ ခိုလှုံနေကြရသည်။

ထို့ပြင် စစ်အုပ်စုသည် ကချင်ပြည်နယ် ဗန်းမော်မြို့သို့ စစ်ကူနှင့် ရိက္ခာများ ပို့ဆောင်နိုင်ရန်အတွက် မိုးမိတ်လမ်းကြောင်းကို လေကြောင်းပစ်ကူများဖြင့် ထိုးစစ်ဆင်နေပြီး KIA နှင့် PDF ပူးပေါင်းတပ်များက မြို့ပြင်ဝန်းကျင်တွင် စစ်ကြောင်းကို ဟန့်တား ခုခံထား၍ အချိန်မရွေး တိုက်ပွဲများ ပိုမိုပြင်းထန် လာနိုင်ကြောင်း သိရသည်။

“မိုးမိတ်မြို့နဲ့ ချောင်းခြားတဲ့ ညောင်နီမှာ တိုက်ပွဲဖြစ်တော့ မန်တုံလမ်း ပိတ်ရတာပါ။ မိုးမိတ် – မဘိမ်းလမ်း မြစ်ဆုံကို လေယာဉ်ဗုံးကြဲတော့ မြစ်ဆုံလမ်း ပိတ်ရတာပါ” ဟု KIA စစ်ရေးသတင်းရင်းမြစ်က PSM ကို ပြောသည်။

အလားတူ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း၌ KIA ပူးပေါင်းတပ်ဖွဲ့များသည် စစ်အုပ်စု၏ ကာကင်းစခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် တိုက်ပွဲများမှာ မြို့အနီးသို့ ရောက်ရှိလာနေသည်။ စစ်အုပ်စုကလည်း ဗန်းမော်အထွက် ငဘတ်ကြီးဘက်သို့ စစ်ကြောင်းထိုးနေသည့်အပြင် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ကိုလည်း လေကြောင်းမှ နေ့စဉ် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

အလားတူ မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ဗန်းမော်မြို့တွင်လည်း ယခုရက်ပိုင်းအတွင်း နှစ်ဖက် တပ်များကြား တိုက်ပွဲများ ပြန်လည် ပြင်းထန်လာနေကြောင်း သိရသည်။

မိုးမိတ်၊ ရွှေကူနှင့် ဗန်းမော် တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံ PSM News က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *