PSM (News) ဩဂုတ် ၁၈ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်အတွင်းရှိ ကျန်းမာရေးဆေးရုံများ၊ စာသင်ကျောင်းများနှင့် ပြည်သူ့ နေအိမ်များကို အာဏာလု စစ်အုပ်စုက တိုက်လေယာဉ်များဖြင့် ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် အရပ်သား ပြည်သူတစ်ဦး ပွဲချင်းပြီး သေဆုံးကာ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ခုနစ် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံမျာထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် မန္တလေး (တံတားဦး) လေတပ်စခန်းချုပ်နှင့် စစ်ကိုင်းအထက်ပိုင်း (ဟုမ္မလင်း) လေတပ်စခန်းတို့မှ တိုက်လေယာဉ် ငါး စင်းဖြင့် ပင်လယ်ဘူး မြို့နယ်အတွင်းရှိ နေရာ သုံး ခုထက်မနည်းကို လေကြောင်းမှ အင်အားသုံး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အာဏာလု စစ်အုပ်စုသည် ဩဂုတ် ၁၆ ရက်နေ့ ညနေပိုင်း ပင်လယ်ဘူးမြို့နယ်၊ ကင်းပန်းဆေးရုံနှင့် စာသင် ကျောင်းရှိရာ နေရာများသို့ လေကြောင်းမှ ၅ ကြိမ်တိုင်တိုင် ဗုံးအလုံးရေ ၁၀ လုံးခန့် ကြဲချခဲ့သည့် အပြင် စက်လက်နက်များဖြင့်ပါ ထပ်မံ ပစ်ခတ်ခဲ့ကြောင်း သိရသည်။ “အဓိကကတော့ ဆေးရုံ နှစ် ရုံနဲ့ လူနေအိမ်တွေကို တိုက်ခိုက်မှု လုပ်ဆောင်သွားတာပါ။ အမျိုးသား တစ်ဦးက နေရာတင် ပွဲချင်းပြီး သေဆုံးတယ်၊ ကလေးငယ် နှစ် ဦးအပါအဝင် အမျိုးသမီး ငါး ဦးနဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရပါတယ်” ဟု မြေပြင်ရှိ ဒေသခံတစ်ဦးက PSM ကို ပြောသည်။ အဆိုပါ လေကြောင်းမှ ဗုံးကြဲ ပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ် ၁၅ လုံးထက်မနည်း ပျက်စီး သွားခဲ့ရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထိန်းသိမ်းထားသည့် ဗမာ့တော်လှန်ရေးတပ်မတော် (BNRA) ၏ ထိပ်ပိုင်းတပ်ရင်းမှူးများဖြစ်ကြသော သုဘရာဇာ (ခေါ်) အောင်ထိုက် နှင့် ဒေါင်းညို တို့သည် ကင်းပန်းဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ဩဂုတ် ၁၅ ရက် ညပိုင်းက ထွက်ပြေးလွတ် မြောက်သွားခဲ့ပြီးနောက် ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-CJ Post navigation လက်ပံတန်းရှိ အာဏာလု စစ်အုပ်စု၏ ထန်းပင်ချောင် ဂိတ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်စဉ် တပ်ပျက်၍ တပ်ဖွဲ့ဝင်များ ထွက်ပြေး ပင်လယ်ဘူးကို စစ်အုပ်စုက ၃ ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲ၊ မိုင်းတုံးတာကြီး ရွှေကျင်းများ ဗုံးကြဲခံရ၍ လုပ်သား ၈ ဦး သေဆုံး