PSM(News)

ဧပြီ ၁၈၊ ၂၀၂၆

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မိသားစုနှင့် ပြန်လည်ဆုံစည်းခွင့်ရရှိခြင်းသည် ပြည်တွင်းပြည်ပ တော်လှန်ရေးဖိအားများကြောင့်ရရှိလာသည့် “ပြည်သူ့တော်လှန်ရေးအောင်ပွဲ၏ အစိတ်အပိုင်းတစ်ရပ်” ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်သည်။

မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် သမ္မတကြီးဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသားအချို့ လွတ်မြောက်လာ မှုအပေါ် ဝမ်းမြောက်သော်လည်း NUG အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ကိုင်စွဲထားပြီး သမ္မတကြီးဦးဝင်းမြင့်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကိုသာ ပြည်သူ့ရွေးကောက်ခံ ခေါင်းဆောင်များအဖြစ် ဆက်လက်အသိအမှတ်ပြုထားကြောင်း သဘောထားထုတ်ပြန်ချက်တွင် အလေးအနက် ဖော်ပြထားသည်။

“နွေဦးတော်လှန်ရေးရဲ့ အန္တိမပန်းတိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထား ရသူအားလုံး လွတ်မြောက်ရေးသာမက၊ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးဖြစ်ပါတယ်” ဟု NUG က ဆိုသည်။

ထို့ပြင် NUG သည် တိုင်းရင်းသားမဟာမိတ်များနှင့်အတူ ချမှတ်ထားသည့် စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်မှုကို အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို အရပ်သားအစိုးရအောက်ထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်တည်ဆောက်ရန် စသည့် သဘောထား ၆ ရပ် အတိုင်းရည်မှန်းချက်များကို မယိမ်းမယိုင် ဆက်လက်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း အဓိဋ္ဌာန်ပြုထားသည်။

အထူးသဖြင့် စစ်အုပ်စုက ပြည်သူများအပေါ် ရက်စက်စွာ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် “အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု” ကို ဖော်ဆောင်နိုင်မှသာ တော်လှန်ရေး အောင်မြင်သည်ဟု မှတ်ယူကာ နွေဦးတော်လှန်ရေးကို ဆုံးခန်းတိုင်သည်အထိ ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း NUG ၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *