PSM (News)

ဧပြီ ၁၈၊ ၂၀၂၆

မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အကျဉ်းသားလွှတ်ပေးမှုသည် စစ်အုပ်စု၏ ရာဇဝတ် မှုများကို ဖုံးကွယ်ရန် ကြိုးစားခြင်းသာဖြစ်ပြီး နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အမှန် တကယ် အထောက် အကူမပြုကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည်။

တရားဝင် ရွေးကောက်တင်မြှောက်ထားသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွဋ်၊ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ရှင်ဒေဝီနှင့် နိုင်ငံရေးအကျဉ်းသားအချို့ မိသားစု များနှင့် ပြန်လည်ဆုံစည်းခွင့်ရသည့်အပေါ် ဝမ်းမြောက်သော်လည်း စစ်အုပ်စုက နိုင်ငံအနှံ့တွင် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို မေ့ဖျောက်၍ မရနိုင်ကြောင်း AAPP က ဆိုထားသည်။

“ငြိမ်းချမ်းရေးနဲ့ နိုင်ငံတော်တည်ငြိမ်ရေးကို အမှန်တကယ် လိုလားတယ်ဆိုရင် ဒေါ်အောင်ဆန်းစု ကြည်အပါ အဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ လိုအပ်ပါတယ်” ဟု AAPP က ပြောသည်။

ထို့ပြင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်အရ ပြည်သူ့ကိုယ်စားလှယ်များ၏ မူလတာဝန်များကို ပြန်လည်အပ်နှံခြင်းမရှိဘဲ ယခုကဲ့သို့ ခြွင်းချက်ဖြင့် လွှတ်ပေးခြင်းသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကို မည်သို့မျှ ပုံဖော်နိုင်မည်မဟုတ်ကြောင်း ဝေဖန်ထားသည်။

ယခုလွှတ်ပေးမှုသည် အကျဉ်းထောင်မှသည် အကျယ်ချုပ်သဘောမျိုး ထိန်းချုပ်ကန့်သတ်မှုများ ဆက်လက်ပြုလုပ်မည့် သဘာဝသာရှိပြီး လွတ်မြောက်လာသူများအနေဖြင့်လည်း နေရပ်ပြန်ရေး အခက်အခဲများနှင့် စစ်မှုထမ်းဥပဒေကြောင့် မသေချာမရေရာသည့် ဘဝများကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း AAPP က ဆိုသည်။

အဆိုပါ စိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်ရန် တော်လှန်ရေးအင်အားစုများ စုစည်းညီညွတ်စွာဖြင့် ပန်းတိုင်ရောက်သည်အထိ ဆက်လက်တိုက်ပွဲဝင်ကြရန်လည်း AAPP က တိုက်တွန်းနှိုးဆော်ထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *