PSM (News)

ဩဂုတ် ၁၇ ၊ ၂၀၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ ကျေးရွာများအတွင်း စစ်ကြောင်းထိုးနေသော အာဏာလု စစ်အုပ်စုသည် ဒေသခံ ပြည်သူများကို နေအိမ်များမှ အဓမ္မ မောင်းထုတ်၍ ပစ္စည်းများကို ခိုးယူ လုယက်မှုများ ပြုလုပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၁၀၀၃ တပ်ရင်း(Danu-PDF)က ယမန်နေ့ ဩဂုတ် ၁၆ ရက်နေ့တွင် အသိပေး ထုတ်ပြန်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရွာငံမြို့နယ် အလယ်ချောင်နှင့် ဘုရားကြီးကုန်းကျေးရွာ အကြားတွင် အာဏာလု စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-၁၀၀၃ တပ်ရင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဘက်က ကျေးရွာများအတွင်း စစ်ကြောင်းထိုး အင်အားဖြန့်ကျက်လာခြင်း ဖြစ်သည်။

အာဏာလု စစ်အုပ်စုသည် ဩဂုတ် ၁၆ ရက်နေ့က အလယ်ချောင်၊ မြေနီကုန်းနှင့် လူးကျေးရွာတို့မှ ဒေသခံ ပြည်သူများအား ရွာအတွင်းမှ ထွက်ခွာသွားရန် အဓမ္မ ခြိမ်းခြောက် မောင်းထုတ်ခဲ့သဖြင့် ပြည်သူများမှာ ကြောက်လန့် စိုးရိမ်စွာဖြင့် ထွက်ပြေး တိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။

အာဏာလု စစ်တပ်သည် ဒေသခံများကို မောင်းထုတ်ပြီးနောက် လူသူမရှိသည့် နေအိမ်များအတွင်း ဝင်ရောက်၍ တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူခြင်း၊ ဒေသခံတို့၏ အိမ်မွေးတိရိစ္ဆာန်များကို သတ်ဖြတ် စားသောက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ထို့ကြောင့် စစ်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ကြရသည့် မိဘပြည်သူများအနေဖြင့် မှတ်ပုံတင်၊ အရေးကြီး စာရွက်စာတမ်းများနှင့် တန်ဖိုးကြီး ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများကို အတတ်နိုင်ဆုံး တစ်ပါတည်း သယ်ယူသွားကြရန် ၁၀၀၃ တပ်ရင်းက သတိပေး တိုက်တွန်းထားသည်။

ထို့ပြင် အာဏာလု စစ်အုပ်စု၏ မတရား ဖမ်းဆီးအနိုင်ကျင့် နှိပ်စက်မှုများမှ ကင်းဝေးစေရန် သတိထား ပြုမူနေထိုင်ကြရန်နှင့် အလွန်အမင်း စိုးရိမ်ထိတ်လန့်ခြင်း မရှိရန်လည်း ၁၀၀၃ တပ်ရင်းက အသိပေးနှိုး ဆော်ထားသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော် ၁၀၀၃ တပ်ရင်း

ပုံစာ-Danu PDF တပ်ဖွဲ့ဝင်များ

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *