PSM (News)

ဩဂုတ် ၁၇ ၊၂၀၂၆

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း၌ အာဏာလု စစ်တပ်၏ ကြားဖြတ် ခြုံခိုတိုက်ခိုက်မှုကြောင့် ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) ၏ တပ်ဦးချုပ် အပါအဝင် တပ်ဖွဲ့ဝင် သုံး ဦး အသက်စွန့် ကျဆုံးခဲ့ရကြောင်း CDF-Asho က ယနေ့ ဩဂုတ် ၁၇ ရက် တွင် အမိန့်ပြန်တမ်းများ ထုတ်ပြန်၍ အတည်ပြုထားသည်။

ငဖဲမြို့နယ်၊ ဆုံကုန်းကျေးရွာနှင့် သာယာကုန်းကျေးရွာအကြားတွင် တော်လှန်ရေးတာဝန်များ ထမ်းဆောင် နေသည့် တပ်ဦးချုပ် ဆလိုင်းရိုးချင်းနှင့် ရဲဘော်များကို ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့တွင် အာဏာလု စစ်တပ်၏ ကြားဖြတ် ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် တပ်ဦးချုပ် ဆလိုင်းရိုးချင်း၊ ဒုတပ်ကြပ် ဆလိုင်းဖြိုးသီဟဇော် နှင့် ရဲဘော် အောင်လင်းဇော် တို့ ကျဆုံးခဲ့ရသည်။

ယခုကဲ့သို့ တပ်ဦးချုပ်နှင့် တပ်ဖွဲ့ဝင်များ ကျဆုံးခဲ့ရခြင်းသည် CDF-Asho နှင့် အရှိုချင်းလူမျိုး အားလုံးအတွက် အစားထိုးမရသည့် ဆုံးရှုံးမှုဖြစ်သော်လည်း ပေးအပ်ထားသည့် တော်လှန်ရေး တာဝန်များကို အသက်နှင့်ခန္ဓာ စွန့်လွှတ်ထမ်းဆောင်ခဲ့သည့်အတွက် များစွာ ဂုဏ်ယူပါကြောင်း CDF-Asho က ဆိုသည်။

ထို့ပြင် မပြီးပြတ်သေးသော တော်လှန်ရေး တာဝန်များကို ဆက်လက် ထမ်းဆောင်သွားမည်ဟု ကျဆုံးသွားသူများ၏ ဝိညာဉ်ရှေ့မှောက်တွင် ကတိသစ္စာပြုကြောင်း တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ-CDF-Asho

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *