PSM (News) ဩဂုတ် ၁၇၊၂၀၂၆ မြန်မာပြည်တွင်းနှင့် နယ်စပ်ဒေသများရှိ နေရပ်စွန့်ခွာနေရသည့် ပြည်သူများ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအတွက် ပံ့ပိုးကူညီမှုများ ရရှိနိုင်ရေး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့သည် ထိုင်းလွှတ်တော်အမတ်များ၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် ဘန်ကောက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့ပြင် ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့၏ သားသမီးများ ပညာဆက်လက် သင်ကြားနိုင်ရေး အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ရရှိရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဒေါ်ဖြူဖြူသင်း ဦးဆောင်သော CRPH ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်သို့ သွားရောက်ကာ အောက်လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် မစ္စတာ အနုဆွန် တာမာဂျိုင် (Mr. Anusorn Tamajai)၊ မစ္စတာ ချွန်လသန် အိုက်စ် စုဖဘွန်လတ် (Mr. Chonlathan “Ice” Supphaiboonlerd) နှင့် မစ္စတာ ကော်ကိယက် ကိုစူးဆတ် (Mr. Krokiat Korsoongsak) တို့နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ့လက်ရှိ နိုင်ငံရေး အခြေအနေများနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် CRPH ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် ဩဂုတ် ၇ ရက်နေ့က ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာလုသမ္မတ မင်းအောင်လှိုင်ကို ထိုင်းလွှတ်တော်အတွင်း၌ ဟစ်အော်ကန့်ကွက် ဆန္ဒပြခဲ့သူ ပြည်သူ့ပါတီ ၊ အောက်လွှတ်တော်အမတ် မစ္စတာ အနုဆွန် တာမာဂျိုင် ကို သွားရောက်တွေ့ဆုံ၍ အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားကာ ကျေးဇူးတင်လွှာကို ပေးအပ်ခဲ့သည်။ အောက်လွှတ်တော်အမတ် မစ္စတာ အနုဆွန် တာမာဂျိုင်သည် အာဏာလုသမ္မ မင်းအောင်လှိုင်ကို “ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာမှုအတွက်” ဟု ဟစ်အော်ကန့်ကွက် ဆန္ဒပြခဲ့သဖြင့် လုံခြုံရေးရဲတပ်ဖွဲ့က ဖယ်ရှားခဲ့ရသည်။ ဓာတ်ပုံ-CRPH Post navigation နိုင်ငံတစ်ဝန်း မိုးဆက်လက် အားကောင်းမည်၊ ရခိုင်တွင် မိုးအလွန်သည်းထန်နိုင်ပြီး ဧရာဝတီမြစ်ရေ အောက်ပိုင်းရှိ ဒေသများ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေဦးမည် ငဖဲတွင် အာဏာလု စစ်တပ်၏ ခြုံခိုတိုက်ခိုက်မှုကြောင့် CDF-Asho တပ်ဦးချုပ် အပါအဝင် ၃ ဦး ကျဆုံး