PSM (News) ၁၇ ဩဂုတ် ၂၀၂၆ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန် ကြောင့် အနောက်တောင်မုတ်သုံလေ အားကောင်းစွာ ဝင်ရောက်နေပြီး ရခိုင်ပြည်နယ်တွင် မိုးအလွန် သည်းထန်နိုင်ကာ နိုင်ငံတစ်ဝန်း မိုးဆက်လက် ပိုမိုရွာသွန်းနိုင်ကြောင်း ထိုင်းမိုးလေဝသဌာန (TMD) ၏ မိုးလေဝသ ခန့်မှန်းမော်ဒယ်များအရ သိရသည်။ မိုးရွာသွန်းမှု အခြေအနေ ရခိုင်ပြည်နယ်တွင် မိုးအလွန်သည်းထန်ကာ မိုးအလွန်များနိုင်သည့်အပြင် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ ကရင်၊ မွန်နှင့် တနင်္သာရီတို့တွင်လည်း နေရာအနှံ့အပြား မိုးအသင့်အတင့်မှ မိုးများနိုင်သည်။ နေပြည်တော်၊ ပဲခူး (အနောက်ခြမ်း)၊ ချင်း၊ စစ်ကိုင်းနှင့် ကချင်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာပြီး နေရာကွက် မိုးသည်းထန်နိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံပေါ် ဖြတ်သန်းနေသည့် မုတ်သုံမြောင်တန်းကြောင့် မြန်မာနိုင်ငံ အထက်ပိုင်း၊ အလယ်ပိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် လာမည့် ဩဂုတ် ၂၁ ရက်အထိ မိုးတိမ်တောင်များ ဖြစ်ပေါ်ကာ မိုးထစ်ချုန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ထိုင်းမိုးလေဝ သဌာန (TMD) က ထုတ်ပြန်ထားသည်။ မြစ်ရေနှင့် ရေကြီးရေလျှံမှု သတိပေးချက် ဧရာဝတီမြစ်အထက်ပိုင်းတွင် ရေပြန်လည်ကျဆင်းလာပြီဖြစ်သော်လည်း ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် စိုးရိမ်ရေအမှတ်ထက် ဆက်လက် ရှိနေမည်ဖြစ်သည်။ ထို့ပြင် မအူပင်မြို့ရှိ တိုးမြစ်၊ ငဝန်မြစ်၊ ဘားအံမြို့ရှိ သံလွင်မြစ်နှင့် မဒေါက်မြို့ရှိ စစ်တောင်းမြစ် ရေတို့မှာ စိုးရိမ်ရေအမှတ်အထက် ကျော်လွန် ရောက်ရှိနေသည်။ အထက်ဘက်မှ စီးဆင်းလာသည့် ရေထုနှင့် ဒီရေတက်ချိန် တိုက်ဆိုင်နေသဖြင့် တာတမံ ကျိုးပေါက်ခဲ့သော လေးမျက်နှာမြို့နယ်နှင့် အနီးဝန်းကျင် ရေဝင်ဒေသများ၌ ရေပြန်လည် မြင့်တက် လာနိုင်ပြီး အထူးသတိပြု နေထိုင်ကြရန် လိုအပ်ကြောင်း မိုးလေဝသ ပညာရပ်ကို လေ့လာနေသူများက အသိပေးထားသည်။ ပင်လယ်ပြင် ရေကြောင်း သတိပေးချက် ဘင်္ဂလားပင်လယ်ပြင်နှင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတို့တွင် တစ်နာရီလျှင် မိုင် ၃၀ မှ မိုင် ၄၀ အထိ မိုးသက်လေပြင်းများ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေအထိ ရှိနိုင်ကာ လှိုင်းကြီးမည်ဖြစ်သည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတွင်လည်း လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေအထိ ရှိနိုင်သဖြင့် ရေလုပ်သားများနှင့် ပင်လယ်ရေကြောင်း ခရီးသွားများ ပင်လယ်ပြင်သို့ ထွက်ခွာခြင်း မပြုကြရန် အသိပေးထားသည်။ Post navigation မိုးမိတ်နယ်တွင် တိုက်ပွဲများ အရှိန်မြင့်လာ၍ မန်တုံ-မိုးမိတ် နှင့် မိုးမိတ်-မြစ်ဆုံ လမ်းပိုင်းများကို KIA ယာယီ ပိတ်ပင် စစ်ဘေးရှောင်နှင့် ဒဏ်ရာရရဲဘော်များအား ကူညီနိုင်ရေး CRPH အဖွဲ့ ထိုင်းလွှတ်တော်အမတ်များနှင့် ဘန်ကောက်တွင် တွေ့ဆုံဆွေးနွေး