PSM (News)

၁၆ ဩဂုတ် ၂၀၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း အာဏာလုစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) / KPDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်လာနေသည့်အတွက် အများပြည်သူနှင့် ခရီးသွားများ အသက်အန္တရာယ် ကင်းရှင်းရေးအတွက် မန်တုံ-မိုးမိတ် လမ်းပိုင်း နှင့် မိုးမိတ်-မြစ်ဆုံ လမ်းပိုင်း တို့ကို ယမန်နေ့ ဩဂုတ် ၁၅ ရက်နေ့မှစ၍ ယာယီ ခေတ္တ ပိတ်ပင်လိုက်ကြောင်း KIA စစ်အမှတ် (၄) တပ်မဟာ၊ အမှတ် (၃၄) တပ်ရင်းက အသိပေး ထုတ်ပြန်ထားသည်။

မိုးမိတ်မြို့နယ်၊ ညောင်နီကျေးရွာ အနီးဝန်းကျင်တွင် ပြီးခဲ့သည့် ဩဂုတ် ၁၁ ရက်နေ့မှစ၍ နှစ်ဖက် တပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားလျက်ရှိပြီး စစ်ရေးအခြေအနေ တင်းမာနေသည့်အတွက် အဆိုပါ လမ်းပိုင်းများကို အသုံးပြု၍ ဖြတ်သန်းသွားလာခြင်း မပြုကြရန် KIA က အသိပေးထားခြင်း ဖြစ်သည်။

လမ်းပိုင်းများ ပိတ်ပင်ထားစဉ် အရေးကြီး ကိစ္စများကြောင့် အရေးပေါ် ဖြတ်သန်းသွားလာလိုပါက သက် ဆိုင်ရာ KIA အဖွဲ့အစည်းများထံ အကျိုးအကြောင်း ပြည့်စုံစွာ တင်ပြ၍ ခွင့်ပြုချက် ရရှိမှသာ သွားလာကြရန် အသိပေးထားသည်။

ထိုသို့ အသိပေးချက်ကို လိုက်နာခြင်းမရှိဘဲ ဖြတ်သန်းသွားလာပါက ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် ဘေးအန္တရာယ်နှင့် ပြဿနာရပ်များအတွက် လုံးဝ တာဝန်ယူမည် မဟုတ်ကြောင်း KIA က သတိပေးထားသည်။

လက်ရှိ မိုးမိတ်မြို့နယ်အတွင်း မြေပြင်ထိတွေ့တိုက်ပွဲများနှင့်အတူ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများ ရှိနေနိုင်သဖြင့် မိုးမိတ်မြို့နယ်အတွင်း မှီတင်းနေထိုင်ကြသော ဒေသခံ ပြည်သူများ၊ ခရီးသွားများနှင့် လမ်းသွားလမ်းလာများအနေဖြင့် စစ်ရေး အန္တရာယ်ကို အထူးသတိပြု သွားလာကြရန် စစ်ရေးသတင်းမြစ်က ဆိုသည်။

ပုံစာ-KIA နှင့် KPDF တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *