PSM (News) ဩဂုတ် ၁၇၊၂၀၂၆ ယူကရိန်းနိုင်ငံသည် စစ်ပွဲစတင် ကတည်းက အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ပြီး မော်စကိုမြို့အနီးရှိ ကုန်စည်ဖြန့်ဖြူးရေး ဂိုဒေါင်တစ်ခုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကာ တစ်ညတာအတွင်း လူခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရုရှားအာဏာပိုင်များက ပြောဆိုခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့အနေဖြင့် ဒရုန်း ၈၂၂ စင်းကို ပစ်ချနိုင်ခဲ့သည်ဟု ဆိုသော်လည်း မော်စကိုမြို့တော်ဝန် ဆာဂေး ဆိုဗျာနင်က မြို့တော်ဒေသဆီသို့ ဒရုန်း ၆၀၀ လွှတ်တင်ခဲ့ရာတွင် ၂၀၁ စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း တာစ်သတင်းဌာနသို့တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ယခုကဲ့သို့ တိုက်ခိုက်မှုသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း မော်စကိုမြို့တော်အပေါ် အကြီးမားဆုံးလေကြောင်းတိုက်ခိုက်မှု ဖြစ်လာခဲ့သည်။ ယင်းတိုက်ခိုက်မှုအတွင်း ရုရှားအစိုးရပိုင် Wildberries ဖြန့်ချိရေးကုမ္ပဏီပိုင် မီတာ ၂၀၀,၀၀၀ ကျယ်ဝန်းသည့် ပိုဒေါ့စ်မြို့ရှိ ဂိုဒေါင်တစ်ခု မီးလောင်ကျွမ်းခဲ့ပြီး မီးခိုးမည်းများ အူထွက်လာသည်ကို ဓာတ်ပုံများတွင် တွေ့ရသည်။ မော်စကိုဒေသ အာဏာပိုင် ဆာဂေး ဆိုဗျာနင်က ယခုကဲ့သို့ တိုက်ခိုက်မှုသည်မှတ်တမ်းများထဲတွင် အကြီးမားဆုံးဒရုန်းတိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ တစ်ချိန်တည်းတွင် ရုရှား၏ ဒရုန်းနှင့် ဒုံးကျည်းတိုက်ခိုက်မှုများကြောင့် ယူကရိန်းဘက်တွင်လည်း ခရီဗီရီ မြို့၌ နှစ်ဦးအပါအဝင် လူခုနစ်ဦး သေဆုံးခဲ့သည်။ ထို့ပြင် ရိုမေးနီးယားနိုင်ငံ နယ်စပ်အတွင်းသို့ ဝင်ရောက်လာသည့် ရုရှားလုပ်ဟု ယူဆရသော ဒရုန်းတစ်စင်းကို မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO) ကင်းလှည့်ရေး မစ်ရှင်တွင် ပါဝင်သည့် စပိန် F-18 ဂျက်လေယာဉ်က နံနက် ၅ နာရီခန့်တွင် ပစ်ချခဲ့ကြောင်း NATO စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့သည်။ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်းစကီးက ရုရှားတို့အနေဖြင့် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ဝေဖန်ပြောကြားခဲ့ပြီး နိုင်ငံတကာသတင်း မီဒီယာများကလည်း နှစ်ဖက်တိုက်ခိုက်မှု အရှိန်အဟုန် မြင့်တက်နေမှုကို ဆက်လက်ဖော်ပြလျက် ရှိသည်။ ကိုးကား – The Guardian Post navigation အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းဒေသတွင် လှုပ်ခတ်ခဲ့ သောငလျင်ကြောင့် လူ ၅၃ ဦး သေဆုံး အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်တွင် ပြင်းထန်သော မုန်တိုင်းနှင့် ရေဘေးဒဏ်ကြောင့် လူ ခြောက်ဦး သေဆုံး