PSM(NEWS)

ဧပြီ ၁၆ ၊ ၂၀၂၆

မြန်မာနိုင်ငံမှ ဒုက္ခသည်များသည် ဘေးကင်းလုံခြုံရေးနှင့် အခွင့်အလမ်းသစ်များ ရှာဖွေရန်အတွက် လူအများအပြား စုပြုံတင်ဆောင်ထားပြီး ကြံ့ခိုင်မှုမရှိသော လှေများဖြင့် အသက်အန္တရာယ်ရှိသည့် ပင်လယ်ရေကြောင်းခရီးစဉ်များကို ဆက်လက်ရွေးချယ်နေကြသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းမှာ ပိုမိုဆိုးရွားလာနေသည်။

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင် များသည်မိခင်နိုင်ငံရှိအကြမ်းဖက်မှုများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများ၏ ဆိုးရွားလှသော အခြေအနေများကြောင့် မလေးရှား၊ အင်ဒိုနီးရှား သို့မဟုတ် ထိုင်းနိုင်ငံတို့ရှိ ဘေးကင်းလုံခြုံရာအရပ်များသို့ ရောက်ရှိရန် နှစ်ပေါင်းများစွာကတည်းက သစ်သားလှေငယ်များဖြင့် စွန့်စားသွားလာနေကြခြင်း ဖြစ်သည်။

မြန်မာဒုက္ခသည်များ အသုံးပြုသည့် လမ်းကြောင်းများ

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအထိ ပြီးခဲ့သည့် (၄) နှစ်တာအတွင်း မြန်မာနိုင်ငံမှ ထွက်ခွာရန် ကြိုးပမ်းသူပေါင်း ၃၆၇,၀၀၀ ခန့်ရှိသည့်အနက် ၇ ရာခိုင်နှုန်းခန့်သာ ရေကြောင်းခရီးကို အသုံးပြုခဲ့ပြီး အများစုမှာ ကုန်းလမ်းခရီးဖြင့် ထွက်ခွာခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း ရိုဟင်ဂျာများအကြား အသက်အန္တရာယ်များလှသည့် ပင်လယ်ရေကြောင်း ခရီးစဉ်များကို အသုံးပြုမှု ပိုမိုများပြားလာနေကြောင်း UNHCR က ဆိုသည်။

ပင်လယ်ရေကြောင်းဖြင့် ထွက်ခွာလာသည့် ဒုက္ခသည်စာရင်း

၂၀၂၅ ခုနှစ်အထိ (၇) နှစ်တာကာလအတွင်း မြန်မာနိုင်ငံမှ လှေဖြင့်ထွက်ခွာသူ ၂၇,၀၀၀ ကျော်ရှိခဲ့သည်။

၂၀၁၉ ခုနှစ်: ၁,၃၀၀ ခန့်

၂၀၂၄ ခုနှစ် (အမြင့်ဆုံး): ၉,၀၀၀ ကျော်

၂၀၂၅ ခုနှစ်: ၆,၅၀၀ ခန့်

သေဆုံးနှင့် ပျောက်ဆုံးမှု အခြေအနေ

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ လှေဖြင့်ထွက်ခွာသူ ၂၅,၃၀၀ ခန့်ရှိသည့်အနက် ၂,၃၀၀ ကျော်မှာ ခရီးစဉ်အတွင်း သေဆုံးခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းများ ကြုံတွေ့ခဲ့ရသည်။

အထူးသဖြင့် ၂၀၂၅ ခုနှစ်တွင် သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့သည်။

သွားရောက်ရာ ဦးတည်ချက်များ

အဆိုပါကာလအတွင်း လှေဖြင့်သွားလာသူ ၆၀ ရာခိုင်နှုန်းကျော်မှာ မြန်မာနိုင်ငံအတွင်း၌သာ သွားလာခဲ့ကြခြင်းဖြစ်သည်။ ပြည်ပနိုင်ငံများသို့ သွားရောက်ရာတွင် အင်ဒိုနီးရှားနိုင်ငံမှာ ဒုတိယအများဆုံးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တတိယအများဆုံး ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာ ၇၃၀,၀၀၀ ထက်မနည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က ယင်းစစ်ဆင်ရေးတွင် “လူမျိုးတုံးသတ်ဖြတ်မှု မြောက်သည့် လုပ်ရပ်များ” ပါဝင်နေကြောင်း ကောက်ချက်ချခဲ့သော်လည်း မြန်မာနိုင်ငံဘက်ကမူ ၎င်းတို့သည် ဓမ္မဓိဋ္ဌာန်မကျကြောင်း ငြင်းဆိုထားသည်။

ကိုးကား Reuters

By Htet Ko