PSM(News)

ဧပြီ ၁၆ ၊ ၂၀၂၆

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အစိုးရသစ်အား ကြိုဆိုဂုဏ်ပြုခဲ့သည့် အဖွဲ့အစည်းအားလုံးကို လုံးဝလက်ခံနိုင်ခြင်းမရှိကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့နယ်ရှိ CDM ဆရာ၊ ဆရာမများနှင့် ကျောင်းသားထုက ယနေ့တွင် သဘောထားထုတ်ပြန်၍ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ယနေ့ ဧပြီ ၁၆ ရက်တွင် ထုတ်ပြန်သည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ထိန်းချုပ်ရာ မိုင်းငေါ့မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း၏ ထုတ်ပြန်ချက်တွင် အကြမ်းဖက်စစ်အုပ်စုသည် မိုင်းငေါ့ စာသင်ကျောင်းကို လေကြောင်းမှ နှစ်ကြိမ်တိုင်တိုင် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲဖျက်ဆီးခဲ့ပြီး ယနေ့တိုင် ပြိုပျက်နေသည့် အုတ်တံတိုင်းများမှာ စစ်အုပ်စု၏ ရာဇဝတ်မှုသက်သေများဖြစ်ကြောင်း ဖော်ပြထားသည်။

ယမန်နေ့က ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဗဟိုအလုပ်အမှုဆောင်ကော်မတီက အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်၏ အစိုးရသစ်ကို ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ယနေ့တွင် PSLF/TNLA နယ်မြေအတွင်းရှိ CDM ဝန်ထမ်းများနှင့် ကျောင်းသားထုက ယခုကဲ့သို့ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

မိုင်းငေါ့ကျောင်းသားထုနှင့် ဆရာ၊ ဆရာမများက အကြမ်းဖက်စစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် ထပ်မံတောင်းဆိုထားပြီး “ပညာဖြင့်တော်လှန်၊ ဉာဏ်ဖြင့်တော်လှန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်သွားမည်ဟု အသိပေးထားသည်။

ထို့ပြင် စစ်ရေးပစ်မှတ်မဟုတ်သော အရပ်ဘက်နေရာများကို နေ့စဉ်ရက်ဆက် ဗုံးကြဲနေသည့် မင်းအောင်လှိုင်အား သမ္မတအဖြစ် အသိအမှတ်မပြုနိုင်ကြောင်းနှင့် ၎င်းအား ကြိုဆိုသူများကိုလည်း “သမိုင်းတရားခံ” အဖြစ် မှတ်တမ်းတင်သွားမည်ဟု ပြတ်သားစွာ ဆိုထားသည်။

ထိုသို့ထုတ်ပြန်လာခြင်းမှာ PSLF/TNLA က အာဏာသိမ်းစစ်အုပ်စုအပေါ် ထားရှိသည့် သဘောထားအပေါ် သဘောတူလက်ခံခြင်းမရှိကြောင်းကို CDM အဖွဲ့အစည်းများနှင့် အောက်ခြေလူထုက မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်ဟု ရှမ်းပြည်နယ်အတွင်းရှိ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ပုံစာ- တအာင်းပြည်ပညာရေးကောင်စီမှ ဖွင့်လှစ်သည့်ကျောင်းများတွင်တွေ့ရသည့် CDM ပညာရေးဝန်ထမ်းများနှင့် ကျောင်းသူ၊ကျောင်းသားများကိုတွေ့ရစဉ်(ပုံဟောင်း)

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *