မောင်မောင်ကဲ/PSM(News)

ဧပြီ ၁၇ ၊ ၂၀၂၆

မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့တွင် အာဏာသိမ်းအစိုးရက ထုတ်ပြန်လိုက်သည့် လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်အရ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရသည့် မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီတို့ ယနေ့ (ဧပြီ ၁၇ ရက်) တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရှိရသည်။

သို့သော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာခြင်း ရှိ၊ မရှိကိုမူ ယနေ့ညနေပိုင်းအထိ အတည်မပြုနိုင်သေးပေ။

တောင်ငူအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သမ္မတဦးဝင်းမြင့်အား ၎င်းကျခံနေရသည့် ပြစ်ဒဏ်များအားလုံးမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုကာ မိသားစုထံ ပြန်လည်စေလွှတ်လိုက်ပြီဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက အတည်ပြုသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတအဖြစ် လက်မှတ်ရေးထိုးကာ ယနေ့ ဧပြီ ၁၇ ရက်တွင် ထုတ်ပြန်သည့် အမိန့်အရ ယခုကဲ့သို့ ပြစ်ဒဏ်လျှော့ပေါ့ လွှတ်ပေးခဲ့ ခြင်းဖြစ်သည်။

အလားတူပင် အင်းစိန်အကျဉ်းထောင်တွင် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံတကာ ဆုရ မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီသည်လည်း ယနေ့တွင် လွတ်မြောက်လာခဲ့သည်။

ရှင်ဒေဝီသည် ၂၀၂၃ ခုနှစ်အတွင်း ရိုက်ကူးရေးသုံး ဒရုန်းတစ်ခု ဝယ်ယူစဉ် ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရသူဖြစ်သည်။ ဒါရိုက်တာ ရှင်ဒေဝီသည် ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးနှင့် ပတ်သက် သည့် ရုပ်သံမှတ်တမ်းများကြောင့် စစ်တပ်၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသူလည်း ဖြစ်သည်။

အာဏာသိမ်းစစ်အစိုးရသည် ယနေ့တွင် အကျဉ်းသား ၄,၃၀၀ ကျော်နှင့် နိုင်ငံခြားသား ၁၇၉ ဦးကိုလည်း လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က ယခုကဲ့သို့ သမ္မတဦးဝင်းမြင့်နှင့် ဒါရိုက်တာ ရှင်ဒေဝီတို့ကဲ့သို့ ထင်ရှားသူအချို့ကို လွှတ်ပေးခြင်းသည် နိုင်ငံတကာ၏ ဖိအားကို လျှော့ချရန်နှင့် ၎င်းတို့၏ အာဏာသိမ်းအစိုးရသစ်အပေါ် အသိအမှတ်ပြုမှု ရရှိရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။

သို့သော်လည်း နေပြည်တော် အချုပ်ထောင်တွင် ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နေအိမ်အကျယ်ချုပ်ဖြင့်ထားမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးသလို ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသား အများအပြား၏ အခြေအနေကို တိကျစွာ သိရှိရခြင်း မရှိသေးပေ။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *