PSM (News) ဩဂုတ် ၁၆၊ ၂၀၂၆ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းနယ်မြေများတွင် အာဏာလု စစ်အုပ်စုနှင့် စစ်ရေးပဋိပက္ခ ပိုမိုပြင်းထန်လာနိုင်သဖြင့် အနီးဝန်းကျင်ရှိ ဒေသခံ ပြည်သူများအနေဖြင့် စစ်တပ် အထိုင်ချထားသည့် နေရာများနှင့် လွတ်ကင်းရာသို့ အမြန်ဆုံး ခေတ္တပြောင်းရွှေ့နေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ TRI ဗျူဟာက သတိပေး ထုတ်ပြန်သည်။ စဉ့်ကူးမြို့နယ်ရှိ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းသည် အာဏာလုစစ်တပ် အုပ်ချုပ်လှုပ်ရှားနေသည့် နယ်မြေဖြစ်သဖြင့် PDF တပ်ဖွဲ့များအနေဖြင့် စစ်ရေး လှုပ်ရှားမှုများနှင့် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခွင်းမှုများ ပြုလုပ်မည့် စစ်ဆင်ရေးနယ်မြေ ဖြစ်ကြောင်း TRI ဗျူဟာက ဆိုသည်။ ထို့ကြောင့် စစ်ဖြစ်ပွားနေသည့် ကာလအတွင်း ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် စစ်တပ်စခန်းများ အထိုင်ချနေရာများနှင့် ဝေးကွာသည့် ဘေးကင်းရာ ဒေသများသို့ ခေတ္တပြောင်းရွှေ့ကြရန် အသိပေးထားသည်။ အဆိုပါ အသိပေးချက်သည် ဩဂုတ် ၁၄ ရက်ဖြင့် ထုတ်ပြန်ထားသည့် နေ့မှစ၍ စစ်ဆင်ရေးကာလ မပြီးဆုံးမီအထိ (သို့မဟုတ်) ပြန်လည်နေထိုင်နိုင်ကြောင်း တပ်မှ ထပ်မံ ထုတ်ပြန်ခြင်း မရှိသေးသမျှ ကာလပတ်လုံး လိုက်နာပေးရန် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (စစ်သည်တော်ကျင့်ဝတ်) အရ အသိပေး ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် စဉ့်ကူးမြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နှင့် အရှေ့ဘက်ကမ်း နယ်မြေ များ၌ စစ်ရေးအခြေအနေ တင်းမာလျက်ရှိပြီး နယ်မြေရှင်းလင်းရေးနှင့် စစ်ဆင်ရေးများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း သိရသည်။ ဓာတ်ပုံ-TRI ဗျူဟာ Post navigation ပင်လယ်ပြင် မုန်တိုင်းငယ်ဖြစ်နိုင်ခြေနှင့် မိုးကြီး၊ မြစ်ရေကြီးမည်ဖြစ်၍ ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်နေ ပြည်သူများ သတိပြုရန်လို မိုးမိတ်နယ်တွင် တိုက်ပွဲများ အရှိန်မြင့်လာ၍ မန်တုံ-မိုးမိတ် နှင့် မိုးမိတ်-မြစ်ဆုံ လမ်းပိုင်းများကို KIA ယာယီ ပိတ်ပင်