PSM(News) ဩဂုတ် ၁၆၊ ၂၀၂၆ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း အသစ်တစ်ခု ထပ်မံဖြစ်ပေါ်နေပြီး မုတ်သုံလေ အားကောင်းနေခြင်းကြောင့် လာမည့်ရက်ပိုင်းအတွင်း နိုင်ငံတစ်ဝန်း မိုးဆက်လက်သည်းထန်နိုင်ကာ ပင်လယ်ပြင်လှိုင်းကြီးခြင်းနှင့် မြစ်ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ ခန့်မှန်းချက် များအရ သိရသည်။ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေရစ်ဝဲသည် အရှိန်ရလာနေပြီး လာမည့် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အားကောင်းလာနိုင်ကြောင်း အိန္ဒိယမိုးလေဝသ ဌာန (IMD) က ဖော်ပြထားသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းနှင့် အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှ လေရစ်ဝဲတို့၏ အရှိန်ကြောင့် မြန်မာနိုင်ငံ နယ်စပ်ဒေသများနှင့် အထက်ပိုင်းဒေသများတွင် မိုးတိမ် တောင်များ ဖြစ်ထွန်းကာ မိုးသည်း ထန်နိုင်ကြောင်း သိရသည်။ ထိုင်းမိုးလေဝသဌာန (TMD) ၏ ခန့်မှန်းချက်အရ မုတ်သုံမြောင်တန်းသည် ဩဂုတ်လ ၂၁ ရက်အထိ မြန်မာနိုင်ငံပေါ်တွင် ဆက်လက်ဖြတ်သန်းနေမည်ဖြစ်၍ အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် တောင်ကျရေကျခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်း အန္တရာယ်များ ဖြစ်ပွားနိုင်ခြေ မြင့်မားနေကြောင်း သိရသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်မြောက်ပိုင်းနှင့် မြစ်ဝကျွန်း ပေါ် ဒေသများတွင် မိုးအလွန်များနိုင်ပြီး ရှမ်းပြည်နယ် (တောင်ပိုင်း/အရှေ့ပိုင်း)၊ ကရင်နီ (ကယား)၊ မွန်၊ တနင်္သာရီ၊ ချင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့တွင် မိုးအသင့်အတင့်မှ မိုးများနိုင်ကြောင်း သိရသည်။ မန္တလေးတိုင်း (ကျောက်ဆည်၊ သာစည်) နှင့် ညောင်ဦးတို့တွင် ဩဂုတ် ၁၉ ရက်အထိ မိုးရွာနိုင်ခြေ နည်းပါးပြီး ညောင်ဦးတွင် နေ့အပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်အထိ ပူပြင်းနိုင်သည်။ ပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဩဂုတ် ၁၉ ရက်အထိ တစ်နာရီလျှင် မိုင် ၃၅ အထိ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေအထိ ရှိနိုင်သည်။ ဩဂုတ် ၁၉ ရက်နောက်ပိုင်းတွင် အနောက်တောင်မုတ်သုံလေ ပိုမိုအားကောင်းလာမည်ဖြစ်ရာ ဘင်္ဂလား ပင်လယ်အော်တွင် လှိုင်းအမြင့် ၁၀ ပေမှ ၁၃ ပေအထိလည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်တွင် ဩဂုတ် ၂၂ ရက်အထိ လှိုင်းအမြင့် ၈ ပေမှ ၁၁ ပေအထိလည်းကောင်း လှိုင်းကြီးနိုင်သဖြင့် ကမ်းနီး/ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် ပင်လယ်ရေကြောင်း သွားလာရေးအနေဖြင့် ပင်လယ်ပြင်သို့ ထွက်ခွာခြင်း မပြုကြရန် မိုးလေဝသပညာရပ်ကို လေ့လာနေသူများက တိုက်တွန်းထားသည်။ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် ၁ ပေနီးပါး ပြန်ကျဆင်းနိုင်ပြီး ပခုက္ကူမြို့တွင် စိုးရိမ်ရေ အမှတ်အောက် ပြန်ရောက်နိုင်သော်လည်း ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် ပေဝက်ခန့် ထပ်မံမြင့်တက်ကာ စိုးရိမ်ရေအမှတ်အထက်တွင် ဆက်လက်ရှိနေမည် ဖြစ်သည်။ ထို့အတူ သံလွင်မြစ်ရေ (ဘားအံ)၊ စစ်တောင်းမြစ်ရေ (မဒေါက်)၊ ရွှေကျင်၊ ဘီးလင်း၊ သောင်ရင်းနှင့် ပဲခူးမြစ် (ပဲခူးမြို့) တို့မှာ စိုးရိမ်ရေအမှတ်အထက်တွင် ဆက်ရှိမည်ဖြစ်ကြောင်း မိုးဇလ၏ ထုတ်ပြန်ထားသည်။ အထက်ရေဆင်းနှင့် ဒီရေတက်ချိန် တိုက်ဆိုင်နေသည့် ဧရာဝတီတိုင်းအတွင်း တိုးမြစ်ရေ (မအူပင်) နှင့် ငဝန်မြစ်ရေ (ငသိုင်းချောင်း) တို့တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာနိုင်သဖြင့် ရေဝင်ဧရိယာအတွင်း နေထိုင်သူများနှင့် တာတမံအနီး နေထိုင်ကြသည့် ပြည်သူများ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်သည်။ (မှတ်ချက် – မိုးလေဝသ ဖြစ်စဉ်များသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်သဖြင့် PSM News ၏ နောက်ဆက်တွဲ သတင်းများကို ဆက်လက် စောင့်ကြည့်ရန် လိုအပ်ပါသည်) Post navigation စစ်ရေးအရှိန်မြှင့်ရန် တပ်ရင်း ၃၆၀ ကျော်နှင့် ပကဖများကို NUG ထောက်ပံ့ကြေး တိုးမြှင့်၊ အဆုံး အဖြတ်ကာလအတွက် ပြည်သူလူထု ပိုမိုပါဝင်ရန် ဆက်လက်တောင်းဆို စဉ့်ကူး ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် စစ်ရေးပြင်ထန်လာနိုင်သဖြင့် အမြန်ဆုံး ရှောင်ရှားကြရန် TRI ဗျူဟာ သတိပေး