PSM (News) ဩဂုတ် ၁၅၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) အနေဖြင့် ၂၀၂၆ ခုနှစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များအတွက် စစ်စရိတ် တိုးမြှင့်သုံးစွဲလာနိုင်ကြောင်း သိရသည်။ ထိုသို့ စစ်စရိတ် တိုးမြှင့်လာနိုင်ခြင်းမှာ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အပါအဝင် ပြည်သူလူထု၏ လစဉ်ပုံမှန်ထောက်ပို့မှု အရှိန်အဟုန်ကြောင့်ဖြစ်ပြီး အဆုံးအဖြတ်ကာလ စစ်ရှိန်မြှင့်ရန် အတွက် PRF အစီအစဉ်တွင် ပိုမိုပူးပေါင်းရန် ယမန်နေ့ ဩဂုတ် ၁၄ ရက် ရက်စွဲဖြင့် NUG က တိုက်တွန်းထုတ်ပြန်ထားသည်။ NUG ကာကွယ်ရေးဝန်ကြီးဌာနသည် PDF တပ်ရင်း၊ တပ်ဖွဲ့နှင့် စစ်ကြောင်း ၃၆၀ ကျော်အတွက် စတင်ဖွဲ့စည်းချိန်မှစ၍ စုစုပေါင်း (၃၈) ကြိမ်အထိ ထောက်ပံ့ပေးခဲ့ပြီး ၂၀၂၆ ခုနှစ်မှစတင်ကာ တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ ၁.၃ သန်းခန့်အထိ တိုးမြှင့်ထောက်ပံ့ပေးနေပြီး မြို့နယ်/ကျေးရွာ အဆင့် တိုက်ခိုက်ရေးတပ်များဖြစ်သည့် ပကဖ အဖွဲ့များကိုလည်း (၃၆) ကြိမ်မြောက် ထောက်ပံ့မှုမှ စတင်၍ တိုးချဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ သုံးစွဲခဲ့သည့် တပ်ရင်းထောက်ပံ့စရိတ်များ၏ ၈၅ ရာခိုင်နှုန်းကျော် (ခန့်မှန်း အမေရိကန်ဒေါ်လာ သန်း ၃၀) ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ ၄၆ လတာကာလအတွင်း PRF အစီအစဉ်မှ ကောက်ခံရရှိသည့် ဘဏ္ဍာငွေများထဲမှ ထုတ်နှုတ်သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း MOD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ MOD အနေဖြင့် အာဏာလု စစ်အုပ်စုကို တော်လှန်တိုက်ခိုက်ရာတွင် နိုင်ငံတကာအကူအညီများထက် ပြည်တွင်းပြည်ပရှိ ပြည်သူလူထု၏ တိုက်ရိုက်ပံ့ပိုးမှုအပေါ် အဓိကအားထားနေရခြင်းဖြစ်၍ ပိုမိုပါဝင် ပေးရန် အသိပေးထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) အောက်ရှိ ပြည်သူ့ တော်လှန်ရေးထောက်ပို့တပ် (PRF) သည် ရှေ့တန်းရောက် ရဲဘော်များအတွက် ရိက္ခာ၊ ဆေးဝါးနှင့် စစ်ရေးမဟုတ်သည့် အခြေခံလိုအပ်ချက်များကို တိုက်ရိုက်ဖြည့်ဆည်းပေးနေသည့် ဘဏ္ဍာငွေရှာဖွေ ရေးနှင့် ထောက်ပံ့ရေး ယန္တရားဖြစ်သည်။ လက်ရှိတွင် ပြည်သူ့တော်လှန်ရေးသည် အရေးကြီးဆုံးသော အဆုံးအဖြတ်ကာလသို့ ရောက်ရှိနေပြီ ဖြစ်၍ ပြည်သူတစ်ရပ်လုံး၏ စုပေါင်းအင်အားဖြင့် တော်လှန်ရေးဘဏ္ဍာငွေ ရှာဖွေရေးလုပ်ငန်း စဉ်များတွင် ပိုမိုအင်တိုက် အားတိုက် ပါဝင်ပေးကြရန် ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် နှိုးဆော်ထားသည်။ ဓာတ်ပုံ-ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) Post navigation လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရန် အမေရိကန်၏ တောင်းဆိုချက် အပေါ် စစ်အုပ်စုက “စိတ်မသက်မသာဖြစ်ရသည်” ဟုတုံ့ပြန် ပင်လယ်ပြင် မုန်တိုင်းငယ်ဖြစ်နိုင်ခြေနှင့် မိုးကြီး၊ မြစ်ရေကြီးမည်ဖြစ်၍ ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်နေ ပြည်သူများ သတိပြုရန်လို