PSM (News) ဩဂုတ် ၁၆၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ ကရာဘီခရိုင် ကမ်းလွန်ပင်လယ်ပြင်တွင် အိန္ဒိယနိုင်ငံသား ခရီးသည်များ လိုက်ပါလာသည့် ခရီးသည်တင် ဒေသန္တရစက်လှေတစ်စင်း တိမ်းမှောက်ခဲ့သော်လည်း လိုက်ပါလာသူ ၁၂ ဦးစလုံး အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။ နောင်ထလေခရိုင်ခွဲ၊ လမ်ဟန်နက် ကျွန်းအနီး ပင်လယ်ပြင်တွင် အိန္ဒိယနိုင်ငံသား ခရီးသည် ၁၀ ဦး၊ လမ်းပြတစ်ဦးနှင့် လှေမောင်းနှင်သူတို့ လိုက်ပါလာသည့် အဆိုပါစက်လှေသည် ရေလှိုင်းဒဏ်ကြောင့် ဟန်ချက်ပျက်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။ အဆိုပါဖြစ်ရပ်ကြောင့် လူ ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ လက်ကျိုးသွားခဲ့ကာ ကျန်ခြောက်ဦးမှာ မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ထိုင်းပင်လယ်ရေကြောင်း လုံခြုံရေးကွပ်ကဲမှုဌာန (MECC) ဒေသ-၃ ၏ ညွှန်ကြားချက်ဖြင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းစတင်ခဲ့ရာ အမြန်ရေယာဉ်တစ်စင်းနှင့် ပီပီကျွန်း အမျိုးသားဥယျာဉ် ရေယာဉ်တို့က ရေထဲတွင် ရောက်ရှိနေကြသူ ၁၂ ဦးစလုံးကို အမြန်ဆုံး ကယ်ဆယ်နိုင်ခဲ့ကြသည်။ ကယ်ဆယ်ထားသူများကို ခလောင်မောင်းကမ်းခြေသို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိသူများကို ကရာဘီမြို့ရှိ ဆေးရုံများသို့ အရေးပေါ် ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရသည်။ လှေမောင်းနှင်သူ၏ ထွက်ဆိုချက်အရ အဆိုပါလှေသည် နိုပ္ပရတ်သရာကမ်းခြေမှ ဟောင်ကျွန်းသို့ ထွက်ခွာလာစဉ် ခရီးသည်အချို့ ဓာတ်ပုံရိုက်ကူးရန် နေရာပြောင်းရွှေ့ထိုင်ခြင်းနှင့်အတူ ရေလှိုင်းကြီးခြင်းတို့ကြောင့် ယခုကဲ့သို့ လှေတိမ်းမှောက်ရခြင်း ဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိခဲ့သည်။ ကိုးကား-The Nation Thailand Post navigation ဟော်မုဇ်ရေလက်ကြားတွင် ADNOC ရေနံတင်သင်္ဘော တိုက်ခိုက်ခံရ ထိုင်းနိုင်ငံ၊ပထုံထာနီတွင် ညလုံးပေါက် အားသွင်းထားသည့် ဇိမ်ခံကား မီးလောင်ကျွမ်း