မောင်မောင်ကဲ/PSM(News)

ဧပြီ ၁၅၊ ၂၀၂၆

တော်လှန်ရေးအင်အားစုများထဲတွင် ထင်ရှားသည့် တအာင်းအမျိုးသားတပ်မတော် (TNLA) က အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်၏ အစိုးရသစ်အား ကြိုဆိုကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့လိုက်သည့်အတွက် တော်လှန် ရေးအင်အားစုများနှင့် ပြည်သူများအကြား အပြင်းအထန် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

ယနေ့ ဧပြီ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် PSLF/TNLA ၏ ထုတ်ပြန်ချက်တွင် ဧပြီလ ပထမပတ်၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ခန့်အပ်ကာ အရပ်သားအစိုးရသစ် ဖွဲ့စည်းလိုက်ခြင်းကို ကြိုဆိုကြောင်းနှင့် နိုင်ငံရေးပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် မျှော်လင့်ကြောင်း ဖော်ပြထားသည်။

သတင်းရင်းမြစ်များ၏ အဆိုအရ ဤသို့ ဂုဏ်ပြုစာပေးပို့ခြင်းသည် သင်္ကြန်ကာလမတိုင်မီက တရုတ်အစိုးရကိုယ်စားလှယ်များနှင့် TNLA ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ တိုက်ရိုက်ဖိအားပေးမှုကြောင့် ဖြစ်နိုင်ကြောင်း သိရသည်။

“ဒါဟာ TNLA အနေနဲ့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးနဲ့ ရှင်သန်ရေးအတွက် တရုတ်ရဲ့ အကျပ်ကိုင်မှုကို မလွန်ဆန်နိုင်တာကို ပြနေတာပါ” ဟု ဝါရင့် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက PSM ကို ပြောသည်။

TNLA နှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ အဆိုအရ တရုတ်အာဏာပိုင်များသည် TNLA ထိန်းချုပ်ရာ ဒေသများသို့ စီးဝင်နေသည့် ဆေးဝါး၊ လောင်စာဆီနှင့် အခြေခံစားသောက်ကုန်များကို စနစ်တကျ ကန့်သတ်ပိတ်ဆို့ကာ ဖိအားပေးလေ့ရှိပြီး ယခင်ကလည်း တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန်နှင့် ရပ်တန့်ခြင်းမရှိပါက ပြင်းထန်သော အရေးယူမှုများ ပြုလုပ်မည်ဟု တရုတ်အာဏာပိုင်များက TNLA ထံ တိုက်ရိုက်သတိပေးစာများ ပေးပို့ခဲ့ဖူးသည်။

ထိုသို့ဖိအားများရှိသော်လည်း စစ်အာဏာသိမ်းမှုကို တွန်းလှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် TNLA သည် အာဏာသိမ်းခေါင်းဆောင်ကို ပထမဆုံး ဂုဏ်ပြုစာပို့သည့်အဖွဲ့ ဖြစ်လာပြီး ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုခြင်း ဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်တွင် ပြင်းထန်စွာ ဝေဖန်ခြင်းခံနေရသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာတွင် စစ်ကော်မရှင်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူထားသည့် TNLA အနေဖြင့် လက်ရှိတွင် နယ်စပ်တည်ငြိမ်ရေးနှင့် စစ်ရေးအရ အကျပ်အတည်းများကြောင့် နိုင်ငံရေးအရ အလျှော့ပေးမှုများ လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-Mai Tea Land ၊ စစ်အုပ်စု

By Htet Ko