မောင်မောင်ကဲ/ PSM (News)

ဩဂုတ် ၁၅၊ ၂၀၂၆

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) တို့ တွေ့ဆုံမှုကို ကြိုဆိုကြောင်းနှင့် ၎င်းအား ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးရန် အမေရိကန် အစိုးရ၏ တောင်းဆိုချက်အပေါ် အာဏာလု စစ်အုပ်စု၏ ဝါရှင်တန် မြန်မာသံရုံးက “အပြုသဘောမဆောင်သည့် တောင်းဆိုချက်ဖြစ်၍ စိတ်မသက်မသာ ဖြစ်ရသည်” ဟုဆိုကာ ယမန်နေ့ ဩဂုတ် ၁၄ ရက်တွင် ကန့်ကွက်တုံ့ပြန်လိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီတို့သည် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသားများထံ အပြည့်အဝ တွေ့ဆုံခွင့်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး မြန်မာသံရုံးက ယခုလို တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

အာဏာလု စစ်အုပ်စု၏ ဝါရှင်တန်သံရုံးက ဒေါ်အောင်ဆန်းစုကြည်အား ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူထားခြင်းဖြစ်ပြီး ခြွင်းချက်မရှိ လွှတ်ပေးရေးမှာ “တရားဥပဒေနှင့်အညီသာ ဖြစ်နိုင်မည်” ဟု အကြောင်းပြထားသည်။ စစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်များ လျှော့ပေါ့ ပေးနေသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် တရားဥပဒေစိုးမိုးရေးကို အကြောင်းပြကာ မတရားဆက်လက် ထိန်းချုပ်ထားခြင်းဖြစ်သည်။

ထို့အပြင်အာဏာလု စစ်အုပ်စုသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီအတွင်း အကွက်ဆင် ကျင်းပခဲ့သည့် နိုင်ငံတကာနှင့် ပြည်သူအများစုက လက်ခံခြင်းမရှိသည့် အတုအယောင် ရွေးကောက်ပွဲကို “မဲဆန္ဒရှင် ၅၄ ရာခိုင်နှုန်းကျော်က လွတ်လပ်စွာ မဲပေးခဲ့သည့် တရားမျှတသော ရွေးကောက်ပွဲ” ဟု ဆိုကာ ၎င်းတို့ကိုယ်ကို ပြည်သူရွေးချယ်ထားသည့် အစိုးရအဖြစ် ထုတ်ပြန်ချက်တွင် ပုံဖော်ထားသည်။

အလားတူ စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းခံ များအားလုံးကို လွှတ်ပေးရန် တောင်းဆိုခဲ့သည့် အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်ကို “စိတ်ပျက်မိသည်” ဟု တုံ့ပြန်ခဲ့ပြီး အာဆီယံ၏ အထူးကိုယ်စားလှယ် အခန်းကဏ္ဍမှာ နောင်တွင် ဆက်လက် လိုအပ်တော့မည် မဟုတ်ဟုဆိုကာ အာဆီယံ၏ ဖိအားများကို ငြင်းပယ်ရန် ကြိုးပမ်းခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာ၏ သံတမန်ရေး ဖိအားများနှင့် ခြွင်းချက်မရှိ လွှတ်ပေးရေး တောင်းဆိုမှုများကို ကြုံတွေ့နေရသည့် အာဏာလု စစ်အုပ်စုသည် ၎င်းတို့၏ လုပ်ရပ်များမှာ တရားဥပဒေနှင့် ကိုက်ညီကြောင်း အကြောင်းပြလှည့်ဖျားနေသော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းကမူ ၎င်းတို့၏ ရွေးကောက်ပွဲနှင့် တရားစီရင်ရေးစနစ်တစ်ခုလုံးကို အသိအမှတ်မပြုဘဲ ဆက်လက် ငြင်းပယ် ထားဆဲဖြစ်သည်။

ဓာတ်ပုံ-လူမှုကွန်ရက်

Military Chief Min Aung Hlaing (front L) arrives for a memorial event at the Myanmar International Convention Centre (MICC) in Naypyidaw on March 28, 2026, to mark the first anniversary since a 7.7-magnitude tremor struck, killing more than 3,800 people in Myanmar — and around 90 more in neighbouring Thailand. (Photo by ANTHONY WALLACE / AFP)

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *