PSM(News)

ဩဂုတ် ၁၅၊ ၂၀၂၆

ရခိုင်ပြည်နယ်အတွင်း မြေပြင်စစ်မျက်နှာတွင် အထိနာပြီး အာရက္ခတပ်တော် (AA) ကို အနိုင်ယူနိုင် ခြင်းမရှိသည့် အာဏာလု စစ်အုပ်စုသည် အရပ်သားပြည်သူများ နေထိုင်ရာ ဒေသများကို လေကြောင်းမှ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေခြင်းမှာ ရှုံးမဲမဲသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးလေ့လာသူများက ဝေဖန်ပြောကြားခဲ့သည်။

စစ်တပ်သည် ရခိုင်ပြည်နယ်အတွင်းရှိ AA ထိန်းချုပ်နယ်မြေများကို မြေပြင်မှ ထိုးဖောက်တိုက်ခိုက် နိုင်ခြင်း မရှိသည့်အတွက် လေကြောင်းတိုက်ခိုက်မှုများကို ခပ်စိပ်စိပ် လုပ်ဆောင်လာနေပြီး ယမန်နေ့ ဩဂုတ် ၁၄ ရက်က ဂွမြို့နယ်၊ ကျိန္တလီမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် နှစ် ဦး အပါအဝင် အရပ်သား ရှစ် ဦး သေဆုံးခဲ့ရသည်။

“စစ်သားဆိုတာ ရဲရင့်သူတွေလုပ်တဲ့ အလုပ်မို့ ယောကျာ်းပီသစွာ တိုက်စေချင်တယ်။ AA က ပြည်သူထောက်ခံမှုများတော့ ပြည်သူနဲ့ AA ကြား သွေးခွဲချင်တာပါတယ်။ ပြီးတော့ အကြမ်းဖက် စစ်အုပ်စုက ပြည်သူကို သတ်ဖြတ်တာမှာ လက်ယဉ်နေတာရယ်ကြောင့် အခုလို ရက်စက်နေတာပါ” ဟု ရခိုင်စစ်ဘေးရှောင်များအရေး ဆောင်ရွက်နေသည့် စာရေးဆရာ ဝေဟင်အောင်က PSM ကို မှတ်ချက်ပြုဖြေကြားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်သို့ ဝင်ရောက်နိုင်သည့် အဓိက လမ်းကြောင်းများဖြစ်သော ပဒါန်း-အမ်း၊ မင်းတုန်း-မအီ၊ ပန်းတောင်-တောင်ကုတ်နှင့် ငါးသိုင်းချောင်း-ဂွ လမ်းကြောင်းတို့တွင် AA နှင့် ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့တို့က စစ်အုပ်စု၏ ထိုးစစ်ကို အထိနာအောင် ခုခံချေမှုန်းထားနိုင်သည်။

ထို့ပြင် ဧရာဝတီတိုင်း၊ ရေကြည်နှင့် သာပေါင်းမြို့နယ်များတွင်လည်း ပြီးခဲ့သည့် ဩဂုတ် ၁၂ ရက်က စစ်အုပ်စု ၏ ထိုးစစ်ကို AA က ပြန်လည်တွန်းလှန်နိုင်ခဲ့ပြီး အလောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

“AA ဆိုတာ ပြည်သူက မွေးဖွားတဲ့ တပ်တော်လေ။ ပြည်သူတွေကို ရက်စက်လေ၊ ပြည်သူက စစ်အုပ်စုကို ပိုမုန်းလေဆိုတာ သိသိရက်နဲ့ သူတို့ လုပ်နေတာ။ AA ရှိနေသရွေ့ ဗုံးကြဲခံရမယ်ဆိုတဲ့ အကြောက်တရားကို ပေးချင်တာပါ” ဟု ကျောက်ဖြူမြို့နယ်မှ ပရဟိတဝန်ထမ်းတစ်ဦးက PSM ကို ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့ကလည်း သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၆ ဦးအထိ သေဆုံးခဲ့ရပြီး လက်ရှိတွင်လည်း ရေကြည်၊ သာပေါင်းနှင့် လေးမျက်နှာမြို့နယ် စစ်မျက်နှာများတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

အာဏာလုစစ်အုပ်စုသည် စစ်ရေးအရ သိမ်းပိုက်ခံထားရသည့် မြို့များအား ပြန်လည်ရရှိနိုင်ခြင်း မရှိတော့သည်ကို သိရှိနေသည့်တိုင် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းမှာ စစ်အုပ်စု၏ အာဏာတည်မြဲရေးအတွက် စိတ်ဓာတ်ရေးရာအရ ညံဖျင်းစွာဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဓာတ်ပုံ-AA Info Desk

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *