PSM (News)

ဩဂုတ် ၁၅၊ ၂၀၂၆

ဘင်္ဂလားပင်လယ်အော် အနောက်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းနှင့် မုတ်သုံမြောင်းတန်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်၊ တနင်္သာရီ၊ မွန်နှင့် ကရင်ပြည်နယ်တို့သို့ မိုးတိမ်တိုက်များ တိုက်ရိုက် တိုးဝင်နေကြောင်း အိန္ဒိယမိုးလေဝသဌာနနှင့် ထိုင်းမိုးလေဝသဌာန (TMD) တို့၏ မိုးလေဝသ စနစ် အခြေပြ မြေပုံများအရ သိရသည်။

ထို့အတူ အထက်ပိုင်းမြစ်ရေကျဆင်းလာမှုကြောင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေကြီးရေလျှံမှု အန္တရာယ် သတိပြုကြရန် လိုအပ်နေကြောင်း မိုးလေဝသ ပညာရပ်ကို စောင့်ကြည့်လေ့လာနေသူများက အသိပေးထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း (တောင်ပိုင်း)၊ မွန်၊ တနင်္သာရီ၊ ကချင်နှင့် စစ်ကိုင်းတိုင်း (အထက်ပိုင်း) တို့တွင် ရက်ဆက် မိုးသည်းထန်စွာ ရွာန်းနိုင်သဖြင့် ရခိုင်နှင့် တနင်္သာရီတို့တွင် တောင်ကျရေလျှံခြင်း၊ ချောင်းရေ ရုတ်တရက် မြင့်တက်ခြင်းနှင့် မြေပြိုခြင်း အန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။

ထို့အပြင် အလယ်ပိုင်းဒေသများဖြစ်သည့် မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်းတို့တွင် မိုးရွာသွန်းမှု နည်းပါးမည်ဖြစ်သော်လည်း အထက်ပိုင်းမှ စီးဆင်းလာမည့် မြစ်ရေများကြောင့် ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် ရှိမြို့နယ်များဖြစ်သည် စစ်ကိုင်း၊ မန္တလေး၊ ပခုက္ကူ၊ ချောက်၊ ရေနံချောင်းနှင့် မကွေးမြို့နယ်တို့တွင် ရေကြီးမှုအန္တရာယ်ကို သတိထား စောင့်ကြည့်ရမည်ဖြစ်သည်။

ဧရာဝတီမြစ်ရေသည် ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် စိုးရိမ်ရေမှတ်ကိုကျော်လွန်၍ ၁ ပေနီးပါးခန့် ထပ်မံမြင့်တက်လာမည်ဖြစ်၍ စိုးရိမ်ရေမှတ်အထက်တွင်သာ ဆက်လက် ရှိနေမည် ဖြစ်သည်။

ဧရာဝတီမြစ်ရေသည် ပြည်မြို့တွင် လာမည် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိမည်ဖြစ်ပြီး ငဝန်မြစ်ရေသည်လည်း ၂၄ နာရီအတွင်း ငသိုင်းချောင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာမည် ဖြစ်သည်။

ပခုက္ကူနှင့် ညောင်ဦးတို့တွင် မြစ်ရေ ၁ ပေခန့် ကျဆင်းမည်ဖြစ်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ရှိနေဦးမည်ဖြစ်သည်။ ထို့ပြင် ဒုဋ္ဌဝတီမြစ်ရေ (မြစ်ငယ်မြို့)၊ သံလွင်မြစ်ရေ (ဘားအံမြို့) နှင့် စစ်တောင်းမြစ်ရေ (မဒေါက်မြို့) တို့သည်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက် တည်ရှိနေမည် ဖြစ်သည်။

စစ်ကိုင်းတိုင်း မြင်းမူမြို့တွင်မူ လာမည့် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်လည်ရောက်ရှိနိုင်မည် ဖြစ်ကြောင်း မိုးဇလ ခန့်မှန်းချက်များအရ သိရသည်။

ကမ္ဘာ့ရေကြီးမှု အသိပေးစနစ်၏ မြေပုံအချက်အလက်များအရ လှိုင်မြစ်ကြောင်းတစ်လျှောက် တိုက်ကြီး မြို့နယ်အတွင်း ရေကြီးနိုင်ခြေမှာ အနီရောင်အဆင့်သို့ ရောက်ရှိရန် ၄၁ ရာခိုင်နှုန်း ရှိနေသဖြင့် ပင်လယ်ဒီရေတက်ချိန်နှင့် အထက်ဘက်မှ ရေစီးဆင်းလာမှုအရှိန်ကြောင့် ဒေသခံများ အထူးသတိ ပြုကြရန် လိုအပ်သည်။

ထို့ကြောင့် ဧရာဝတီမြစ်နှင့် ငဝန်မြစ်ကြောင်းတစ်လျှောက်ရှိ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်၊ ပြည်နှင့် ငါးသိုင်းချောင်းမြို့နယ်များ ၏ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့် ရေဘေး လွတ်ရာသို့ အရေးပေါ် ရှောင်ရှားကြရန်နှင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် မိုးလေဝသ ပညာရပ်ကို လေ့လာနေသူများက တိုက်တွန်းထားသည်။

ပင်လယ်ပြင် အခြေအနေတွင် မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလျှင် မိုင် ၃၅ အထိ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေအထိ ရှိနိုင်သည့်အတွက် ရေလုပ်သားများနှင့် ပင်လယ်ပြင် ခရီးသွားများအနေဖြင့် ပင်လယ်ပြင်အတွင်း သွားလာခြင်း မပြုကြရန် သတိပေးထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *